ယင်းမာပင်ခရိုင်အတွင်း စိုက်ပျိုးရေအထောက်အကူပြု ရေတွင်း (၄၀ဝ)တူးပေးမည်

ယင်းမာပင်  ၁၅    အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ များတွင် စိုက်ပျိုးရေကိုအထောက်အကူဖြစ်စေမည် ရေတွင်း(၄၀ဝ)အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တူးဖော်ပေး သွားမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်း၏ ပြောကြားချက်အရ သိရသည်။

 

1

 

ယင်းမာပင်ရေလျှံဇုန်ပြင်ပကျေးရွာများတွင် စိုက်ပျိုးရေ အမှန်တကယ်လိုအပ်သော တောင်သူများအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေအထောက်အပံ့ဖြင့် အနက်ပေ(၁၅၀)ရှိသည့် လေးလက်မတွင်းများအဖြစ် ယခုဘဏ္ဍာနှစ်အတွင်း တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 “ရေလျှံဇုန်ကိုလည်း မထိခိုက်အောင်၊ တောင်သူတွေအတွက်အလည်း စိုက်ပျိုးရေ အထောက်အကူဖြစ်စေဖို့ကို ရေလျှံဇုန်နဲ့အစပ်က မြစ်တွေ၊ ချောင်းတွေနဲ့နီးပြီးတော့ စိုက်ပျိုးရေ အမှန်တကယ်လိုအပ်တဲ့ နေရာတွေမှာ တူးပေးမှာဖြစ်တယ်၊ အခုအခြေအနေက ဒေသခံတောင်သူတွေ၊ သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ပြီး ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒေသခံတောင်သူ၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေရယ် ညှိနှိုင်း နေပါတယ်ဟု ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းက ပြောသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အနက်ပေ(၁၅၀)ရှိ လေးလက်မ ရေတွင်းများကို ယင်းမာပင်မြို့နယ် အတွင်၌ ရေတွင်း(၂၀ဝ) နှင့် ဆားလင်းမြို့နယ်တို့တွင် ရေတွင်း(၂၀ဝ) စုစုပေါင်း ရေတွင်း(၄၀ဝ)အား တူးဖော်ပေးသွားမည် ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ သိရသည်။

 

သန်းဌေးအောင်(ကနီ)