ယင်းကျားတိုင်းရင်းသားလူမျိုးတို့၏ပန်လှူဖိုင်း (ခေါ်) ရိုးရာမီးရှူးလွှတ်ပြိုင်ပွဲ

စာရေးသူသည် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ပုတ်ပျံကျေးရွာ တွင် မေ ၅ ရက်က ယင်းကျားလူမျိုး တိုင်းရင်းသားရွာသို့ သွားရောက်ခဲ့ပါသည်။



ထိုမှ ယင်းကျားတိုင်းရင်းသားတို့၏မီးရှူးလွှတ်တင်ပြိုင်ပွဲအား လေ့လာမှတ်သားမိခဲ့သမျှနှင့် ယင်းကျား၊ ယင်းနက်လူမျိုးစုတို့ ၏ သမိုင်းကြောင်းကို ဦးစွာပဏာမ တင်ပြရေးသားလိုပါသည်။

 

ယင်းကျား၊ ယင်းနက် တိုင်းရင်းသားလူမျိုးစုတို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း၌ အများဆုံးနေထိုင်လျက်ရှိကြသည့် လူမျိုးစုတစ်စုဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်း၌ တိုင်းရင်းသားလူမျိုးစုများ အသီးသီးနေထိုင်လျက်ရှိကြသည့်အနက် ယင်းကျား၊ ယင်းနက်လူမျိုးတို့သည် လူမျိုးစုပျောက်ကွယ်လုနီးအခြေအနေတွင်ရှိနေကြောင်း လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလုံးလွယ်(ပုတ်ပျံရွာသူကြီး)က ပြောသည်။

 

''ကျွန်တော့်နာမည်က ဦးလုံးလွယ်လို့ ခေါ်ပါတယ်၊ ပုတ်ပျံရွာက ရွာလူကြီးဖြစ်ပါတယ်၊ ကျွန်တော်တို့ ယင်းကျား၊ ယင်းနက် လူမျိုးစုဟာ လူအနည်းစုဖြစ်ပါတယ်၊ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ရှားရှား ပါးပါးတွေ့မြင်ရခဲတဲ့ တိုင်းရင်းသားလူမျိုးစုတစ်စုလို့လည်း ဆိုရပါမယ်၊ ကျွန်တော်တို့ ယင်း ကျား၊ ယင်းနက်လူမျိုးတွေ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့ရဲ့ အရှေ့တောင် ဘက်ကျေးရွာတွေမှာ အများဆုံးနေထိုင်ကြပြီး မြို့ရဲ့အနောက်မြောက်ဘက်ခြမ်းမှာတော့ ယင်းနက် လူမျိုးစုတွေ နေထိုင်လျက် ရှိကြပါတယ်။



''ယင်းကျား၊ ယင်းနက်လို့ အခေါ်အားဖြင့် တူနေပေမယ့် ကျွန်တော်တို့ ယင်းကျားနဲ့ ယင်းနက်လူမျိုး တို့ရဲ့ ဓလေ့ရိုးရာကတော့ တစ်မျိုးစီပါပဲ၊ အနည်းငယ်ကွာခြားလှပါတယ်၊ ကျွန်တော်တို့ အခုကျင်းပတဲ့ ယင်းကျားရိုးရာ မီးရှူးလွှတ်ပြိုင်ပွဲကတော့ ရှေးနှစ်ပေါင်းများစွာ ကတည်းကနေ ဒီကနေ့အထိပဲ ဖြစ်ပါ တယ်၊ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့မှာ ယင်းကျား လူမျိုးရိုးရာဓလေ့ မီးရှူးလွှတ်ပြိုင်ပွဲ ယင်းကျား အခေါ် ပန်လှူဖိုင်း(မီးပူဇော်ပွဲ )ကို ကျင်းပလေ့ ရှိပါတယ်၊ ရှမ်းဘာသာစကားအရ ပန်နူဖိုင်း လို့လည်း ခေါ်ကြပါတယ်''ဟု ပုတ်ပျံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလုံးလွယ်က ဆက်လက် ပြောကြားသည်။

 

ဖော်ပြပါ ယင်းကျားတို့ရိုးရာ မီးရှူးလွှတ်တင်ပြိုင်ပွဲသည် နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့ တွင်ကျင်းပသော ပွဲတော်တစ်ခုဖြစ်ကြောင်း၊ အခါအားလျော်စွာ ကဆုန်လပြည့်နေ့၌ မကျင်းပဖြစ်ခဲ့သော်လည်း ကဆုန်လပြည့်ကျော် ၄ ရက်၊ ၅ ရက်တို့တွင် ပြုလုပ်လေ့ရှိပြီး ယင်းကျားလူမျိုးတို့၏ ဓလေ့ ရိုးရာပွဲများ၌တစ်ပွဲဖြစ်ကြောင်း ပွဲပါဝင်ကြသူများက ပြောသည်။



အဆိုပါပြိုင်ပွဲတွင် မီးရှူးတာလွှတ်၊ တာဖမ်းနေရာ ထားရှိသည်။ ကျယ်ပြန့်သော မြေပြင်ကွင်းပြင်၌ ကျင်းပရသည်။ တာဖမ်း၊ တာလွှတ်ဒိုင်များထားရှိသည်။ တာဖမ်းနေရာကို ဂိုးဟု သတ်မှတ်ခေါ်ဆိုကြ ပါသည်။ အဖွဲ့အလိုက်မီးရှူးပြုလုပ်ဝင်ရောက်ယှဉ်ပြိုင်ကြ သည်။ အမှတ်စဉ်အလိုက်အလှည့်ကျ လွှတ်တင်ကြသည်။ မီးရှူးဂိုးဝင်၊ ဂိုးအပြင် စည်းများသတ်မှတ်ထားပြီး ဂိုးနှင့်အနီးဆုံး၊ အဝေးဆုံးရောက်ရှိသည့် အမှတ်ပေးစနစ်ဖြင့် အနိုင်၊ အရှုံးကို သတ်မှတ်သည်။

 

သတ်မှတ်ထားသော ဂိုးဧရိယာအတွင်း သို့ ပန်းဝင်လာသော မီးရှူး၏ အဝေးဆုံးရောက်ရှိလာသည့် မီးစံချိန်ကို ဂိုးစောင့်ဒိုင် များက စာရင်းကောက်ယူကာ ပထမ၊ ဒုတိယ၊ တတိယဟု အဆင့်ရ ယူကြ သည်။ ပြိုင်ပွဲ ကျင်းပသောကွင်းတွင် အလှည့်ကျ မီးရှူးလွှတ်တင်မည့် စင်မြင့်တစ်ခု တည်ဆောက် ထားပေးသည်။ မိမိတို့မီးရှူးအား မီးရှူးလွှတ်စင်တွင် စနစ်တကျတင်ပြီးပါက စနက်တံကို မီးရှို့၍ လွှတ်တင်ကြသည်။ယင်းပွဲတော်ရက်တွင် ရိုးရာမီးရှူး အလုံး ၄ဝ၊ ၅ဝနှင့်အထက် ပြိုင်ပွဲဝင် လွှတ်တင်ကြ သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မီးရှူးကို ပြင်ဆင်ပြုလုပ်ထားပုံမှာ အကြီး၊ အငယ်၊ အလတ် အရွယ်အစားသုံးမျိုး ပြုလုပ်ယှဉ်ပြိုင် လေ့ရှိကြောင်း၊ မီးရှူး တွင် ယမ်းစိမ်းထောင်းထည့်ကာ သံဘူးဖြင့် ပြုလုပ်ကြောင်း၊ အရှည် ရှစ်လက်မမှ ၁ဝ လက်မခန့်ရှိပြီး လုံးပတ်တစ်လက်မခွဲနှင့် နှစ်လက်မခန့်တုတ်သော လက်လုပ်ရိုးရာမီးရှူး များဖြစ်ကြောင်း၊ စနက်တံကို ရှမ်းစက္ကူ (မိုင်းကိုင်စက္ကူ)ကို ကြိုးသဏ္ဌာန်ကျစ်၍ အသုံးပြုထားကြောင်း စာရေးသူလေ့လာတွေ့ရှိခဲ့ရပြီး ပြိုင်ပွဲအပြီး ဆုရရှိကြသောအဖွဲ့များအား ပြိုင်ပွဲကျင်းပရေးတာ ဝန်ရှိသူ တို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲတွင် အနိုင်ရရှိကြသော မီးရှူးအဖွဲ့များက အနိုင်ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက် စွာဖြင့် အဖွဲ့အလိုက် ယင်းကျားရိုးရာတေးသီချင်းများ သီဆို၊ ကခုန် ပျော်မြူးလေ့ရှိကြသည်။ နှစ်စဉ် နှစ်တိုင်း ကဆုန်လပြည့်နေ့သို့ရောက်လျှင် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့ နယ်နှင့် ငါးမိုင်ခန့်အကွာတွင် နေထိုင်လျက်ရှိကြသော ယင်းကျားတိုင်းရင်းသားတို့သည် ရိုးရာမီးရှူး လွှတ်တင်ပြိုင်ပွဲကို ကျင်းပလေ့ရှိသည်။ ထိုရိုးရာမီးရှူးလွှတ်တင်ပြိုင်ပွဲသို့ စာရေးသူသည် မေ ၅ ရက်က သွားရောက်လေ့လာခဲ့သည်များကို တစေ့တစောင်း ရေးသားဖော်ပြလိုက်ရပါသည်။

 

စိုင်းဇော်လတ်(လင်းခေး)