ယနေ့ မြန်မာ့စာတိုက်လုပ်ငန်း

ခမ်း (စိန်လုံကဘား)

 

သမိုင်းများအရ စစ်တွေစာတိုက်ကို ၁၈၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏ စာတိုက်လုပ်ငန်း ကိုစတင်ခဲ့သည်ဟု သိရှိရပါသည်။

 

၁. ၄. ၂၀၁၅ ရက်နေ့တွင် အရာထမ်း ၁၀၂ ဦး၊ အမှု ထမ်း ၅၈၁၈ ဦး စုစုပေါင်း ၅၉၂၀ ဖြင့်၊ မြန်မာ့စာတိုက် လုပ်ငန်း ဖွဲ့စည်းပုံအသစ်ဖြင့်၊ မြန်မာ့စာတိုက်လုပ်ငန်းသည် ပြောင်းလဲချိန်တန်ပြီဖြစ်သဖြင့် သီးသန့်ရပ်တည် ခွင့်ရရှိခဲ့ပါသည်။ နှစ်ပေါင်းများစွာ တိမ်မြုပ်ခဲ့ရသည့် စာတိုက်ဌာနသည် ဝန်ကြီးဌာနအမည်၌ပင် စာတိုက်အမည် ကွယ်ပျောက်ခဲ့ ရပြီးနောက် ပြန်လည်ဖွဲ့စည်းခွင့်ပေးခဲ့သော တာဝန်ရှိသူများကိုလည်း စာတိုက်ဝန်ထမ်းများက တစ်သက်တာ အမှတ်ရ ကျေးဇူးတင်လျက်ရှိနေမည်သာ ဖြစ်ပါသည်။

 

ယခုအခါ အရာထမ်း ၅၈ ဦး၊ အမှုထမ်း ၄၀၂၈ ဦး၊ စုစုပေါင်း ၄၀၈၆ ဦးတို့ဖြင့် စာတိုက်ရုံးပေါင်း ၁၃၉၁ ရုံးမှ သမားရိုးကျ ဝန်ဆောင်မှုလုပ်ငန်းများအပြင် ထပ်ဆောင်း ဝန်ဆောင်မှုလုပ်ငန်းများ (Value Added Services) ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

 

၁၉၉၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ မြန်မာ့ စာတိုက်လုပ်ငန်းမှ ၅၁ ရာခိုင်နှုန်းနှင့် DEUTSCHE POST INTERNATIONAL B.V မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်၍ အပြည်ပြည်ဆိုင်ရာအမြန်ချောပို့ ဖက်စပ်ကုမ္ပဏီ (Joint Venture) ကို Myanmar DHL အမည်ဖြင့် နိုင်ငံပေါင်း (၂၃၃) နိုင်ငံနှင့် ချိတ်ဆက်၍ ဝန်ဆောင်မှုပေးလျက်ရှိ ပါသည်။

Myanmar DHL သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပေါင်း ၃၅ နိုင်ငံ၊ မြို့ပေါင်း ၄၀ ရှိ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များကို DHL အထူးလေယာဉ် ဖြင့် စနစ်တကျ လက်ခံ၊ သယ်ယူပို့ဆောင်၊ ပေးဝေခြင်း ဝန်ဆောင်မှုများ ပေးခဲ့ပါသည်။

 

နိုင်ငံတကာအဆင့်မီ ကုမ္ပဏီဖြစ်သည့် DHL နှင့် စာတိုက်လုပ်ငန်းတို့အား ဖက်စပ်ကုမ္ပဏီ (Joint Ven- ture) အဖြစ် ဆောင်ရွက်ခဲ့သည်မှာ မြန်မာပြည်သူလူထုနှင့် ရုံးဌာနများအပေါ် နှစ်ပေါင်း (၂၃) နှစ်တိုင်တိုင် လုံခြုံ စိတ်ချရသော ဝန်ဆောင်မှုပေးလျက်ရှိသည့် Myanmar DHL ကို အမြော်အမြင်ကြီးမားစွာ ဖွဲ့စည်းတည်ထောင် ပေးခဲ့မှုများသည် မြန်မာ့စာတိုက်လုပ်ငန်းတွင် မှတ်တိုင် တစ်ခု ဖြစ်ခဲ့ပါသည်။

 

မြန်မာ့စာပို့တံဆိပ်ခေါင်းအား မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၆.၁.၁၉၄၈ ရက်နေ့မှစ၍ ဗိုလ်ချုပ် အောင်ဆန်း ပုံဖြင့် တံဆိပ်ခေါင်းများပေါ်တွင် BURMA တံဆိပ်ရိုက်နှိပ်ကာ စတင်အသုံးပြုခဲ့ပါသည်။

နှစ်အလိုက် တံဆိပ်ခေါင်းထုတ်လုပ်မှုများမှာ -

                 နှစ်                                                             ကြိမ်ရေ

                 ၁၉၆၂ မှ ၁၉၈၇ ထိ (၂၆) နှစ်အတွင်း            ၄၇

                 ၁၉၈၈ မှ ၂၀၁၀ ထိ (၂၃) နှစ်အတွင်း            ၅၉

                 ၂၀၁၁ မှ ၂၀၁၅ ထိ (၅) နှစ်အတွင်း               ၁၆

                 ၂၀၁၆ မှ ယနေ့အထိ (၅) နှစ်အတွင်း           ၃၈

 

သတင်းအချက်အလက် နည်းပညာကိုအသုံးပြု၍ စာတိုက်လုပ်ငန်းများကို အဆင့်မြှင့်တင်လျက်ရှိရာ DEMS (Domestic Express Mail Service) ပြည်တွင်းအမြန်ချော၊ မှတ်ပုံတင်စာများ၊ Online VPP၊ Online VPL လုပ်ငန်းများ ကို ခြေရာခံထောက်လှမ်းနိုင်သော Track & Trace System အား Delivery Monitoring System အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသဖြင့် သုံးစွဲသူပြည်သူများအနေဖြင့် မိမိတို့၏ ချောစာ၊ ချောပစ္စည်းများကို www.myanmarpost.com.mm တွင် စာပေးဝေမှု အခြေအနေများအား အချိန်နှင့် တစ်ပြေးညီဝင်ရောက်ကြည့်ရှု သိရှိနိုင်မည်ဖြစ်ပါသည်။ စာပို့လုလင်များမှ Device Phone (Smart Phone) များကို အသုံးပြု၍ စာ/ပါဆယ် ရောက်ရှိပေးဝေမှု အခြေအနေ များကို ဆောင်ရွက်လျက်ရှိသောကြောင့် Delivery Moni- toring System ဖြင့် Online မှ အချိန်နှင့် တစ်ပြေးညီ စာ/ ပါဆယ်ပေးဝေမှုများကို တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

 

မြန်မာ့စာတိုက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၁.၄.၂၀၁၄ ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပြည်တွင်း ရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့အကြား ဂျပန်နိုင်ငံ မှ ငွေကြေးနှင့် ပစ္စည်းထောက်ပံ့မှုမပါသော (Technical Assistance ODA) နည်းပညာနှင့် နည်းစနစ်ကူညီပံ့ပိုးရေး ဆိုင်ရာ သဘောတူစာချုပ် (Memorandum on Cooper- ation) ကို ဂျပန်နိုင်ငံတွင် ချုပ်ဆိုခဲ့ပြီး စာတိုက်လုပ်ငန်း အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

 

ဂျပန်နိုင်ငံဝန်ကြီးချုပ် H.E Mr. Shinzo Abe နှင့် အဖွဲ့တို့သည်လည်း မြန်မာ့စာတိုက် လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျပန် - မြန်မာ ပူးပေါင်းဆောင်ရွက်မှုအား ၁၃.၁၁.၂၀၁၄ ရက်နေ့တွင် ရန်ကုန်စာတိုက်ကြီးသို့လာရောက်၍ ကြည့်ရှုလေ့လာခဲ့ပြီး စာတိုက်ဝန်ထမ်းများအား အားပေးခဲ့သည်မှာလည်း မြန်မာ့စာတိုက်လုပ်ငန်းတွင် သမိုင်း မှတ်တိုင်တစ်ခု ဖြစ်ခဲ့ရပါသည်။

 

သုံးစွဲသူများသို့ ဖြေလျှော့ပေးသည့်အနေဖြင့် ၁.၉.၂၀၁၄ ရက်နေ့မှစတင်၍ မြန်မာ့စာတိုက်လုပ်ငန်း ငွေပို့လွှာ လုပ်ငန်း၏ ငွေပို့ခနှုန်းထားများကို ယခင် ပို့ငွေ ၁၀၀ ကျပ်လျှင် ပို့ခ (၅) ကျပ်နှုန်းကောက်ခံနေရာမှ (၅၀) ပြားဖြင့် လျှော့ချကောက်ခံခဲ့ပါသည်။

 

နှစ်ပေါင်းများစွာ တစ်ဦးတည်းမူပိုင်ဆောင်ရွက်လာသော မြန်မာ့စာတိုက်လုပ်ငန်းသည် ပြည်သူလူထုအား ကောင်းမွန်ပြည့်ဝသော ဝန်ဆောင်မှုများ ရွေးချယ်အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အောက်ဖော်ပြပါ ပြည်သူ့ဗဟိုပြု စာတိုက်ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာ့စာတိုက်လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်များအား Public Private Partnership အသွင်ဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်မှုများကို ဆောင်ရွက် နိုင်ရန် ၂၆.၈.၂၀၁၆ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှ ပထမအကြိမ် ဖိတ်ခေါ်ခဲ့ပါသည် -

 

(က) ပြည်တွင်း/အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းအား မှတ်ပုံတင်စနစ်ဖြင့်ဝန်ဆောင်မှုပေးခြင်း

(ခ) ကိုယ်စား ငွေကောက်ခံခြင်းလုပ်ငန်းများ (မိုဘိုင်းဖုန်း ငွေဖြည့်ပေးခြင်း၊ လေယာဉ်/ ကားလက်မှတ်/ အမြတ်ခွန်/ အာမခံလုပ်ငန်း/ အရစ်ကျရောင်းချခြင်းများအတွက် ငွေကောက်ခံပေးခြင်း)

(ဂ) Online Shopping လုပ်ငန်းများအတွက် ပေးဝေခြင်းနှင့် ငွေကောက်ခံပေးခြင်း

(ဃ) ဘဏ်လုပ်ငန်းကိုယ်စားလှယ် ဆောင်ရွက်ပေးခြင်း

(င) Mobile Money လုပ်ငန်းများဆောင်ရွက်ခြင်း

(စ) စာတိုက်လုပ်ငန်းမှဝန်ဆောင်မှုပေးနိုင်မည့် မည်သည့်လုပ်ငန်းမဆို ဆောင်ရွက်ပေးခြင်း

ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးချဲ့ရန် ၂၃.၁၀. ၂၀၁၉ ရက်နေ့တွင် အောက်ဖော်ပြပါ လုပ်ငန်းများကို နိုင်ငံပိုင် သတင်းစာများမှ ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်ခဲ့ပါသည် -

 

(က) မြန်မာ့စာတိုက်လုပ်ငန်းနှင့် အထူးအမြန်ချောပို့ လုပ်ငန်းသစ် ပူးပေါင်းဆောင်ရွက်ခြင်း

(ခ) ပြည်တွင်း/ ပြည်ပ ချောသယ်ယူပို့ဆောင်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း

(ဂ) ကိုယ်စားငွေကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း

(ဃ) စာတိုက်လုပ်ငန်းမှ အထူးထပ်ဆောင်း ဝန်ဆောင်မှု (Value Added Service) ပေးနိုင်မည့် မည်သည့် လုပ်ငန်းမဆို ဆောင်ရွက်ခြင်းလုပ်ငန်းများအား ဖိတ်ခေါ်ခဲ့ပြီးနောက် လက်ရှိတွင် လုပ်ငန်းတစ်ခု ချင်းစီအလိုက် တစ်ဦးတည်းမူပိုင် (Exclusive) ဆောင်ရွက်ခွင့်ပေးခြင်း မဟုတ်ဘဲ ပြည်သူလူထုများမှ စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်စေရန် ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်း၍ နှစ်ဦးနှစ်ဖက်အကျိုးတူ Win-Win အနေအထားဖြင့် စတင်ဝန်ဆောင်မှုပေးလျက် ရှိပြီး ဖြစ်ပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ များနှင့် မိတ်ဖက်နိုင်ငံများ စာတိုက်လုပ်ငန်းဆိုင်ရာ အစည်းအဝေး (23rd ASEAN Postal Business Meeting) ကို ၂၁.၁၁.၂၀၁၆ ရက်နေ့မှ ၂၃.၁၁.၂၀၁၆ ရက်နေ့အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

 

၁.၁၀.၂၀၁၈ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုများ၏ စာဖတ်နှုန်းထားတိုးမြှင့်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ အတည်ပြုချက်ဖြင့် ဖွင့်လှစ်ထားရှိသော လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်)များသို့ လှူဒါန်းပေးပို့သည့် စာအုပ်များကို မြန်မာ့စာတိုက် လုပ်ငန်းမှ အခမဲ့ပို့ဆောင်ပေးခြင်းလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်း၏ ပုံမှန်သုံးစွဲသူ (Regular Customer) များအား ဝန်ဆောင်ခများ ဖြေလျှော့ပေးခြင်း (Discount) လုပ်ငန်းတို့ကို မြန်မာ့စာတိုက်လုပ်ငန်း၊ တိုင်းဒေသကြီး/ ပြည်နယ် များရှိ စာတိုက်များတွင် ဆောင်ရွက်ပေးလျက် ရှိပါသည် -

 

မြန်မာ့စာတိုက်လုပ်ငန်းသည် မည်သည့်ချေးငွေမှမယူ၊ ဌာနပိုင်မြေ၊ အဆောက်အအုံငှားရမ်းခများအပေါ် မှီခို ရပ်တည်နေခြင်းမရှိဘဲ စာတိုက်သမားရိုးကျ လုပ်ငန်းများ အပြင် ထပ်ဆောင်းဝန်ဆောင်မှု (Value Added Services) များအား စာတိုက်ဝန်ထမ်းများ၏ လုပ်အားသီးသန့်ဖြင့် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သောကြောင့် အရှုံးများ လျော့ကျလာပါသည်-

 

နှစ်အတန်ကြာ ကွယ်ပျောက်ခဲ့သည့် မြန်မာ့စာတိုက်လုပ်ငန်းအပေါ် သုံးစွဲသူပြည်သူလူထုများမှ စာတိုက်လုပ်ငန်း ဝန်ဆောင်မှုများကို ယုံကြည်စွာဖြင့် ပြန်လည်သုံးစွဲလာခြင်းကြောင့် လည်းကောင်း၊ မြန်မာ့စာတိုက်လုပ်ငန်း၊ အရာထမ်း၊ အမှုထမ်းများ၏ အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုကြောင့်လည်းကောင်း ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union) ၏ မြန်မာ့စာတိုက်လုပ်ငန်းအား အဆင့်သတ်မှတ်ချက်မှာ ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၂၆ မှ ၂၀၁၈ ခုနှစ်တွင် အဆင့် ၉၁ သို့ အဆင့် ၃၅ ဆင့် တိုးမြှင့်ရရှိခဲ့ပါသည်။ ၁၇. ၂ .၂၀၂၀ ရက်နေ့တွင် ကမ္ဘာ့စာပို့ တိုက်သမဂ္ဂ (UPU Quality Management Certification Results အရ Level A (Gold) ရရှိခဲ့ပါသည်။

 

အခြေခံစာပို့ခအနေဖြင့် ပြည်တွင်းစာတစ်စောင်လျှင် ငွေကျပ် ၂၀၀ သာ ကောက်ခံ၍ မြန်မာနိုင်ငံ မြောက်ဘက်စွန်း၊ နောင်မွန်းမြို့မှ တောင်ဘက်စွန်း၊ ကော့သောင်းမြို့ထိ သယ်ယူပို့ဆောင်ပေးနေခြင်းနှင့် နိုင်ငံတကာသို့လည်း ပြည်ပ စာတစ်စောင်လျှင်ငွေကျပ် ၁၀၀၀ သာ ကောက်ခံနေခြင်းအပေါ် လေ့လာဆန်းစစ်ကြည့်မည်ဆိုပါက နိုင်ငံတော်မှ ကျပ်သန်းပေါင်းများစွာ အရှုံးခံစိုက်ထုတ်၍ ဆောင်ရွက်ပေးနေရသည်ကို သုံးစွဲသူပြည်သူများ အလွယ်တကူ သိရှိနိုင်ပါသည်။

 

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် ပြည်သူများ ကောင်တာများတွင် စောင့်ဆိုင်းနေရသည့်အချိန် လျော့နည်း သွားစေရန်နှင့် ထုပ်ပိုးပစ္စည်းများကို နိုင်ငံတကာအဆင့်မီ အသုံးပြုနိုင်ရန် ရည်ရွယ်၍ Smart Envelope များကို ပို့ခပါ စာအိတ်အကြီးနှင့် အသေးနှစ်မျိုးနှင့် ပို့ခမပါစာအိတ်အကြီး နှင့်အသေးနှစ်မျိုးစီ ခွဲခြားထားပြီး ၁.၁၀.၂၀၂၀ ရက်နေ့မှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ရောင်းချ ပေးလျက်ရှိပါသည်၊၊ မကြာမီကာလအတွင်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင်လည်း ဆက်လက် ဖြန့်ချိ ရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

လူ့လောကအတွင်း တစ်ဦးနှင့်တစ်ဦး အကောင်း၊ အဆိုး၊ ဝမ်းနည်းဖွယ်၊ ဝမ်းသာဖွယ် လူမှုရေးကဏ္ဍတွင် သော်လည်းကောင်း၊ မူရင်းစာချုပ်၊ စာရွက်စာတမ်း အထောက်အထားများနှင့် လူ့အသုံးအဆောင်များမှစ၍ ကုန်သွယ်မှုဆိုင်ရာပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေသည့် စီးပွားရေးကဏ္ဍတွင် သော်လည်းကောင်း၊ ဝေးလံခေါင်ဖျား ဒေသများတွင်ရှိသော ဌာနဆိုင်ရာအသီးသီး၏ ရုံးများအရောက်အမိန့်နှင့် ညွှန်ကြားချက်များကို ဆက်သွယ်၊ ပေးပို့ရသည့် အုပ်ချုပ်ရေးကဏ္ဍတွင် သော်လည်းကောင်း ဝန်ဆောင်မှုများပေးနေသည်မှာ စာတိုက် လုပ်ငန်းပင် ဖြစ်ပါသည်။

 

သုံးစွဲသူမိဘပြည်သူများသိရှိလိုသော အချက်အလက် များအားအလွယ်တကူစုံစမ်းမေးမြန်းနိုင်ရန်နှင့် ဝန်ဆောင်မှု များအား ကျေနပ်မှုမရှိပါက “သုံးစွဲသူဝန်ဆောင်မှုဌာန မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်) နေပြည်တော် ၀၆၇-၃၄၂၀၈၈၈” နှင့် www.facebook.com/ myanmarpo- stservice - Messenger တို့သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်း၊ အကြံပြု၊ တိုင်ကြားနိုင်ပါသည်။

 

ယခု ကိုဗစ်ကာလအတွင်းမှာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ၂၁-၉-၂၀၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ မဖြစ်မနေအသုံးပြုရမည့် ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများတွင် စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်းအားဖြည့်စွက်သတ်မှတ်ထားသဖြင့် ရပ်ဆိုင်း ထားရသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ချောလမ်း ပိတ်ဆို့မှုများအကြားမှသက်ဆိုင်ရာစည်းကမ်း သတ်မှတ် ချက်များနှင့်အညီ ဌာနဆိုင်ရာများနှင့် ပြည်သူတို့၏ ပြည်တွင်း/ပြည်ပစာ၊ ပါဆယ်များကို မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများက ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

 

မြန်မာ့စာတိုက်လုပ်ငန်းသည် Vision ဖြစ်သော Myanmar Post For Everyone (လူတိုင်းအတွက် မြန်မာ့ စာတိုက်) ဆိုသည့်အတိုင်း ပြည်သူလူထု၏ လိုအပ်ချက်များဖြစ်သော စာ၊ ပါဆယ်များကို ကိုဗစ်ကာလအတွင်း မိမိတို့၏ ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ လက်ခံ၊ ရွေးချယ်၊ ပို့ဆောင်၊ ပေးဝေနေသည့် မိမိခြေထောက်ပေါ် မိမိရှင်သန် ရပ်တည်အောင် ကြိုးစားဆောင်ရွက်လျက်ရှိသော မြန်မာ့စာတိုက်လုပ်ငန်းရှိ အရာထမ်း၊ အမှုထမ်းများကို ဤဆောင်းပါးဖြင့် (၁၄၆) နှစ်ပြည့် ကမ္ဘာ့စာပို့တိုက်နေ့တွင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။    ။