ယခုတစ်ပတ်အတွင်း မြန်မာ့ကြက်သွန်ဈေးကွက်အတွင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်နေ

စက်တင်ဘာ ၂၉

 

အိန္ဒိယနိုင်ငံတွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးကွက် သတင်းများအပေါ်မူတည်၍ ယခုတစ်ပတ်အတွင်း မြန်မာ့ကြက်သွန် ဈေးကွက်အတွင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ်၊ မေလက အိန္ဒိယနိုင်ငံသို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့ခြင်းကြောင့် ဆောင်းကြက်သွန် အစိုဓာတ်ပါဝင်မှု များပြားခဲ့သည့်အပြင် မုတ်သုံမမှန်ခြင်းကြောင့် မိုးစိုက်ကြက်သွန်ပေါ်ချိန် နောက်ကျနိုင်သဖြင့် အိန္ဒိယမှ ကြက်သွန်ဝယ်ယူနေသော ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံများမှ မြန်မာ့ကြက်သွန်နီကို ပြောင်းလဲဝယ်ယူ တင်သွင်းလာဖွယ်ရှိနေကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

 

mdn

 

"တောင်သူတွေဆီတော့ ကြက်သွန်ဈေး ထူးထူးခြားခြား တက်မလာသေးပါဘူး။ ဒီရက်အတွင်း ကြက်သွန်တစ်ပိဿာကိုမှ အရင်ကဈေးထက် ငါးဆယ်ကျပ်လောက်ပဲ တက်ပါတယ်။ နောက်ပိုင်းတော့ တက်လာမလား မသိသေးဘူးပေါ့။ အိန္ဒိယဘက်ကကိစ္စ သတင်းတွေတော့ ကြားနေပါတယ်။ ဈေးတက်မယ်ဆိုရင်တော့ တောင်သူတွေ အကျိုးရှိနိုင်တာပေါ့"ဟု မကွေးတိုင်းဒေသကြီ၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့မှ ကြက်သွန်စိုက်ပျိုးသူ ကိုအောင်ထွန်းက ပြောသည်။

 

အိန္ဒိယနိုင်ငံတွင် မိုးကြက်သွန်ကို ဇွန်၊ ဇူလိုင်လတို့၌ စိုက်ပျိုးပြီး အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် နုတ်သိမ်းလေ့ရှိသည်။ စက်တင်ဘာနှင့် နိုဝင်ဘာလ ကြားကာလများသည် ဆောင်းကြက်သွန်များ ပစ္စည်းပြတ်၍ မိုးကြက်သွန်များမှာလည်း မပေါများသေးသော ကာလဖြစ်သဖြင့် ကြက်သွန်နီ ရှားပါးလေ့ရှိသည်။

 

၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ နှစ်များက အိန္ဒိယတွင် ဆိုင်ကလုန်းမုန်တိုင်းများ ဝင်တိုက်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ကြက်သွန်နီဈေး တစ်ကီလိုဂရမ်လျှင် ၁၀၀ ရူပီးအထိ မြင့်တက်ခဲ့ဖူးကြောင်း သိရသည်။ 

 

"ကြက်သွန်ဈေးက တက်လာဖို့များနေတယ်။ တချို့ကုန်သည် ပွဲစားတွေဆို ခြံကွက်ကလေးတွေ ငှားပြီး ကြက်သွန်ကြိုလှောင်ထားဖို့ ပြင်ဆင်နေကြတယ်။ သို့သော် ပွဲစားတွေက တောင်သူတွေဆီက ကြက်သွန်ကို ငွေလက်ငင်းပေးပြီး မဝယ်ချင်တဲ့အပြင်၊ ဈေးလည်းနှိမ်ဝယ်တယ်။ တစ်ပိဿာလုံးကိုမှ နှစ်ရာကျပ်လောက်ဈေးနဲ့ ဝယ်နေတယ်။ တောင်သူတွေကလည်း ကိုဗစ်နဲ့ ဘာနဲ့ ကုန်ကျစရိတ်တွေ များခဲ့တော့ ရတဲ့ဈေးနဲ့ ရောင်းနေသူတွေလည်း ရှိပါတယ်။ အခုရနေတဲ့ ဈေးနဲ့ကတော့ စိုက်စရိတ်တောင် မကြေသေးပါဘူး"ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်မှ ကြက်သွန်စိုက်ပျိုးသူ ဦးကျော်က ပြောသည်။

 

စက်တင်ဘာ ၂၈ ရက် ကြက်သွန်နီဈေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ဆိပ်ဖြူရှယ် (၅၂၅) ကျပ်၊ လတ်ကြီး (၄၅၀) ကျပ်၊ လတ်သန့် (၃၇၅) ကျပ်၊ လတ်ချော (၂၅၀) ကျပ် ဈေးနှုန်းများဖြင့် လက်ကားရောင်းဝယ် ဖောက်ကားနေကြောင်း သိရသည်။

 

နန်းထက်ထက်ချစ်