ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေတိမ်အင်းဒေသများသို့ ဆောင်းခိုငှက်များ ဝင်ရောက်မှုလျော့နည်းလာ

မန္တလေး၊ ၂၄ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေတိမ်အင်းဒေသများသို့ နှစ်စဉ် လာရောက်ကျက်စားလေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှုအခြေနေမှာ ယခုနှစ်တွင် လျော့နည်းလာကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇေမောင်သိန်းက ပြောကြားသည်။

 

အဆိုပါ ဆောင်းခိုငှက်များသည် နှစ်စဉ် အောက်တိုဘာလလယ်မှ မတ်လကုန်အထိ မြန်မာနိုင်ငံအနှံ့အပြားရှိ အင်းများသို့ ကမ္ဘာ့နေရာအနှံ့အပြားမှ မိုင်ပေါင်းထောင်ချီပျံသန်း၍ ဆောင်းရာသီကို ခိုလှုံရန်လာရောက်နေထိုင် ကျက်စားလေ့ရှိသော်လည်း ယခုနှစ်တွင် ဆောင်းခိုငှက် အများဆုံးဝင်ရောက်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပလိပ်အင်းရေတိမ်ဒေသ၊ တောင်သမန်အင်း၊ ဗနောအင်း၊ စွန်ရဲအင်းနှင့် ပြူကန်တို့တွင် ရာသီဥတုပြောင်းလဲလာခြင်း၊ တရားမဝင်ဖမ်းစီးခြင်းများနှင့် ဂေဟစနစ်ပြောင်းလဲမှုပေါ်မူတည်ပြီး ဆောင်းခိုငှက်များ ဝင်ရောက်မှု လျော့နည်းလာကြောင်း သိရသည်။

 

“ဆောင်းခိုငှက်တွေရဲ့ သဘာဝက သူတို့စားဖို့ အစားအစာရရှိမှုအပေါ် မူတည်ပြီး အင်းတွေထဲကို ဝင်ရောက်ကျက်စားလေ့ရှိတယ်။ ဒီနှစ်မှာ အလွန်ရှားပါးပြီးတော့ ပလိပ်အင်းနဲ့ ပြူကန်ကိုပဲ လာရောက်ကျက်စားလေ့ရှိတဲ့ ဘဲပိုးချပ်ကတော့ ၃၊ ၄ ကောင်လောက် လာတာတွေ့ရတယ်။ တောင်သမန်အင်းမှာတော့ ငှက်တွေရော၊ မျိုးစိတ်တွေရော တဖြည်းဖြည်း လျော့နည်းလာတာကို တွေ့ရပါတယ်။ တောင်သမန်အင်းကို ဒီနှစ်ဆောင်းခိုငှက် ဝင်ရောက်မှုက အခြေနေမကောင်းဘူး။ အခါတိုင်းနှစ်တွေက ဆောင်းခိုဇရက်ငှက်တွေ အကောင် ၅၀၊ ၁၀၀ လောက် လာတတ်ပေမယ့် ဒီနှစ်မှာ ၁၀ ကောင်လောက်ပဲ လာပါတယ်။ ဗျိုင်းတွေ၊ ဌာနေငှက်တွေကလွဲလို့ ကျန်တဲ့ငှက်တွေ မတွေ့ရပါဘူး။ တရားမဝင် ဖမ်းဆီးသတ်ဖြတ်တဲ့သူတွေကြောင့်လဲ ဝင်ရောက်မှုနည်းသွားတာလဲပါမယ်။ နေထိုင်ကျက်စားရာ ဒေသတွေ ပျက်စီးသွားတာတွေလဲ ပါမယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ဝင်ရောက်မှုအခြေနေကို စောင့်ကြည့်ရအုံးမယ်” ဟု ၎င်းက ရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အင်းများသို့ ယခုနှစ်တွင် ဆောင်းခိုငှက်များ ဝင်ရောက်မှုအနေဖြင့် မွန်ဂိုလီးယားနိုင်ငံနှင့် တရုတ်ပြည် မြောက်ပိုင်းတို့မှ ကြိုးကြာ၊ ငန်းရိုင်း၊ ရေဘဲနှင့် ရေကြက်တို့ ဝင်ရောက်လာကြပြီး ၎င်းတို့အနက် ကြိုးကြာငှက်များကိုသာ အများဆုံးတွေ့ရှိရကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဆောင်းခိုငှက်များ၊ ဝင်ရောက်မှုမှာ ပလိပ်အင်း၊ ဗနောအင်း၊ တောင်သမန်အင်း၊ ပြူကန်နှင့် စွန်ရဲအင်း စသည့် အင်းများတွင် အဓိကဝင်ရောက်လေ့ရှိကြောင်းနှင့် နှစ်စဉ် ဆောင်းခိုငှက်များ ဝင်ရောက်မှုစာရင်းကို ဇန်နဝါရီလအတွင်း၌ မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း၊ မြန်မာငှက်ချစ်သူများနှင့် INGO, NGO အဖွဲ့များ ပူးပေါင်းကာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကောက်ယူလေ့ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)