ယခုနှစ်တွင် အာဆီယံအဆင့် ဖူဆယ်ပြိုင်ပွဲနှစ်ခုစလုံး ကျင်းပမည်

ရန်ကုန်   ဇန်နဝါရီ   ၆

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် အာဆီယံအဆင့် ဖူဆယ်ပြိုင်ပွဲနှစ်ခုစလုံး ကျင်းပသွား မည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အဖွဲ့ဝင်နိုင်ငံများ၏ လက်ရွေးစင်အသင်းများအတွက် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ကလပ်အသင်းများအတွက် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတို့ ပြုလုပ်လျက် ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့သည့် နှစ်များတွင် ပြိုင်ပွဲအချို့ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။

အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ရပြီး အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကိုမူ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပနိုင်ခြင်းမရှိသော်လည်း ၂၀၂၁ ခုနှစ်တွင်မူ ပြန်လည်ကျင်းပနိုင်ခဲ့သည်။

ယင်းပြိုင်ပွဲနှစ်ခုမှာ မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ပြိုင်ပွဲများဖြစ်ပြီး အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်ကာ အာဆီယံ ဖူဆယ် ကလပ်ပြိုင်ပွဲကိုမူ ပြည်တွင်းဖူဆယ်လိဂ်၌ ဗိုလ်စွဲသည့်အသင်းအား စေလွှတ်ခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲကို ဧပြီလနှင့် အာဆီယံ ဖူဆယ် ကလပ်ပြိုင်ပွဲကို ဩဂုတ်လတို့တွင် ကျင်းပရန်စီစဉ်ထားပြီးပြိုင်ပွဲနှစ်ခုစလုံးကို ထိုင်းနိုင်ငံ၌ ပြုလုပ်မည် ဖြစ်သည်။

အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းအနေဖြင့် ၂၀၀၆ ခုနှစ်တွင် စတင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယခုနှစ်တွင် (၁၇) ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ပြီး ထိုင်းအသင်းက ၁၅ ကြိမ်နှင့် အင်ဒိုနီးရှားအသင်းကတစ်ကြိမ် ဗိုလ်စွဲထားသည်။ မြန်မာအသင်းမှာမူ ဒုတိယတစ်ကြိမ်နှင့် တတိယနှစ်ကြိမ် ရရှိထားပြီး ၂၀၁၆ ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး မြန်မာကလပ်များအနေဖြင့် ၂၀၂၁ ပြိုင်ပွဲမှလွဲ၍ ကျန်အကြိမ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် ခြောက်ကြိမ်စလုံး ထိုင်းကလပ်များသာ ဗိုလ်စွဲထားပြီး မြန်မာ ကလပ်များအနေဖြင့် MIU အသင်း (ယခင် MIC) က ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၁၉ ပြိုင်ပွဲတို့တွင် တတိယဆုများရရှိခဲ့သည်။ ၂၀၁၇ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် PU အသင်းမှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ကိုညီလေး