ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံအဆင့် ပြိုင်ပွဲများအတွက် ဇွန် ၁၁ ရက်တွင် အတည်ပြု ဆုံးဖြတ်မည်

၇ ဇွန်

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ကျင်းပမည့် အာဆီယံအဆင့် ပြိုင်ပွဲများနှင့် ပတ်သက်၍ ဇွန် ၁၁ ရက်တွင် ပြုလုပ်မည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်သွားမည် ဖြစ်သည်။


အာဆီယံဘောလုံးအဖွဲ့ချုပ် ကောင်စီ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးများ တက်ရောက်မည်ဖြစ်ပြီး Video Conferencing ဖြင့် ဆွေးနွေးမည်ဖြစ်သည်။ ယင်းအစည်းအဝေးတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ယခုနှစ်နှင့် လာမည့်နှစ်များတွင် ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးမည်ဖြစ်သလို ယခုနှစ်အတွင်း ကျင်းပမည့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းရှိ၊ မရှိ၊ ကျင်းပဖြစ်ပါက ကျင်းပမည့် ကာလနှင့် အိမ်ရှင်နိုင်ငံအတွက် ဆွေးနွေးမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပြိုင်ပွဲကိုးခု ကျင်းပရန် စီစဉ်ထားပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပြိုင်ပွဲအချို့ ရွှေ့ဆိုင်းထားရာ စက်တင်ဘာ နောက်ပိုင်းမှသာ ပြိုင်ပွဲအားလုံး ပြန်လည်ကျင်းပရမည်ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းရှိ၊ မရှိကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားသည့် နိုင်ငံများနှင့် ဆွေးနွေးသွားမည် ဖြစ်သည်။

 

အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ အမျိုးသားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ အမျိုးသားပြိုင်ပွဲ၊ အာဆီယံ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲနှင့် အာဆီယံ သဲသောင်ပြင် ဘောလုံးပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲများအနက် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတစ်ခုသာ အိမ်ရှင်နိုင်ငံမရှိဘဲ အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပမည်ဖြစ်ကာ ကျန်ပြိုင်ပွဲရှစ်ခုကို အင်ဒိုနီးရှားနိုင်ငံက ပြိုင်ပွဲလေးခု၊ ထိုင်းနိုင်ငံက ပြိုင်ပွဲသုံးခုနှင့် ဖိလစ်ပိုင်နိုင်ငံက ပြိုင်ပွဲတစ်ခု ကျင်းပမည်ဖြစ်သည်။

 

မြန်မာအသင်းသည် အာဆီယံသဲသောင်ပြင် ဘောလုံးပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
                                   

အာဆီယံဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် အတည်ပြုပြီးပါက ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံအဆင့် ပြိုင်ပွဲများအတွက် ကျင်းပမည့်ကာလနှင့် အိမ်ရှင်နိုင်ငံတို့ကို ထုတ်ပြန်သွားမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်