ယခုနှစ်အတွင်း ကျင်းပမည့် အာဆီယံအဆင့်ပြိုင်ပွဲများနှင့် ပတ်သက်၍ အာဆီယံဘောလုံးအဖွဲ့ချုပ် ပြန်လည်အတည်ပြုမည်

မေ ၁၈           

                

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့်ပြိုင်ပွဲများနှင့် ပတ်သက်၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များနှင့် ညှိနှိုင်းသွားမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လာမည့် အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီ အစည်းအဝေးတွင် ပြိုင်ပွဲများနှင့်ပတ်သက်၍ အတည်ပြုမည်ဖြစ်သည်။

 

နိုင်ငံအများစုတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပြိုင်ပွဲများ ရွှေ့ဆိုင်းထားပြီး စက်တင်ဘာနောက်ပိုင်းမှသာ ပြန်လည်ကျင်းပရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။ သို့သော် အရှေ့တောင်အာရှနိုင်ငံများတွင် ရောဂါပျောက်ကင်းမှု အခြေအနေ၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ဝင်ရောက်သွားလာနိုင်မှုအပေါ် မူတည်၍ ပြိုင်ပွဲများကျင်းပနိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်မည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်က ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲကိုးခုအနက် ရှစ်ခုတွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားအသင်းအနေဖြင့် လက်ရွေးစင်အသင်း၊ ယူ-၁၉ အသင်း၊ ယူ-၁၆ အသင်း၊ အမျိုးသမီးအသင်းများအနေဖြင့် လက်ရွေးစင်အသင်း၊ ယူ-၁၈ အသင်းနှင့် ယူ-၁၅ အသင်းတို့အပြင် ဖူဆယ်အသင်းတို့မှာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆီယံ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲတွင်သာ မြန်မာအသင်း မယှဉ်ပြိုင်ခြင်းဖြစ်ပြီး ကျန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရှေ့တောင်အာရှနိုင်ငံအားလုံး ဒေသတွင်းလိဂ်ပြိုင်ပွဲများ ရပ်နားထားသလို လက်ရွေးစင်အသင်းအားလုံးမှာလည်း လတ်တလော လေ့ကျင့်နိုင်ခြင်းမရှိသေးပေ။ ထို့အတူ မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများမှာလည်း လေ့ကျင့်မှုရပ်နားထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စခန်းဝင်လေ့ကျင့်မည့်ရက်ကို ပြန်လည်သတ်မှတ်သွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရွေးစင်အသင်းများ၏ စခန်းဝင်လေ့ကျင့်မှုကို ရပ်နားထားခြင်းဖြစ်ပြီး လတ်တလော ပြန်လည်လေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ နှစ်လယ်ပိုင်းနောက်ပိုင်းမှသာ အစောဆုံး လေ့ကျင့်နိုင်ဖွယ်ရှိနေသည်။ မြန်မာ ယူ-၁၆ အမျိုးသားအသင်းနှင့် ယူ-၁၉ အမျိုးသားအသင်းတို့မှာ စခန်းဝင်လေ့ကျင့်နေသည့် ကာလအတွင်း ရပ်နားခဲ့ရခြင်းဖြစ်ပြီး အချို့အသင်းများမှာမူ လေ့ကျင့်ရန်ပြင်ဆင်နေသည့်ကာလတွင် ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။  မြန်မာဘောလုံးအသင်းများ ယှဉ်ပြိုင်မည့် ပြိုင်ပွဲများကို စက်တင်ဘာမှ ဒီဇင်ဘာအတွင်း ပြန်လည်ကျင်းပရန် စီစဉ်ထားပြီး အမျိုးသားပြိုင်ပွဲအဖြစ် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ၊ အာဆီယံဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲအဖြစ် အာဆီယံအမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်