ယခုနှစ် ဖရဲ၊ သခွားမွှေးရာသီတွင် သစ်သီးတင်ပို့သည့်ကားခများ ဈေးနှုန်းသက်သာ

ကျောက်ဆည်၊  ၁၈ ဒီဇင်ဘာ

၂၀၂၀ ခုနှစ် ဖရဲ၊ သခွားမွှေးရာသီတွင် သစ်သီးတင်ပို့သည့်ကားခများမှာ ကိုဗစ်ပထမလှိုင်း ကာလကထက် ဈေးနှုန်းသက်သာမှုရှိကြောင်း ကိုယ်တိုင်တင်ပို့ရောင်းချသူများထံမှ သိရသည်။

 

“တောင်သူလုပ်တဲ့ သက်တမ်းက ကြာပါပြီ။ အဓိကဈေးကွက်ကတော့ မူဆယ် ၁၀၅ မိုင်က တစ်ဆင့် တရုတ်ပြည်ကို တင်ပို့ရောင်းချတယ်။ ကိုဗစ်ကာလအစမှာ ကားခတွေ အရမ်းဈေးတက်ခဲ့တယ်။ သစ်သီး ၁၆ တန်/၁၇ တန်ဆံ့ ၁၂ ဘီး ကားတစ်စီးကို ၂၅ သိန်းလောက်အထိ ပေးငှားခဲ့ရတယ်။ တချို့ စစ်ကိုင်းဘက်ကနေ တင်ပို့တဲ့လူတွေဆိုလည်း ကားခ သိန်း ၃၀ လောက်အထိ ပေးခဲ့ရတယ်ကြားတယ်။ ဒေသတစ်ခုနဲ့ တစ်ခု အကွာအဝေးပေါ်တော့ မူတည်တာပေါ့။ ဒီနှစ်တော့ ကျွန်တော်တို့ဆီကနေ တင်ပို့တဲ့ကားခက တစ်စီးကို ခုနစ်သိန်း၊ ရှစ်သိန်းလောက်ပဲ ပေးရတော့တယ်” ဟု မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာမှ သခွားမွှေးစိုက်ပျိုးသူ ဦးခိုင်ဇော် က ပြောပြသည်။

 

ယခုနှစ်သည် သခွားမွှေးတင်ပို့ရောင်းချမှု ဈေးကွက်ကောင်းမွန်သည့် နှစ်တစ်နှစ်ဖြစ်နေပြီး တစ်ကီလိုလျှင် တရုတ်ငွေ ရှစ်ယွမ်/ ကိုးယွမ်အထိ ဈေးရရှိကြောင်း ၎င်းက ဆိုသည်။

 

“မြန်မာနိုင်ငံကထွက်တဲ့ ဖရဲ၊ သခွားမွှေးသီးတွေက တရုတ်ဈေးကွက်တစ်ခုတည်းကို အားထားရောင်းချ နေရတာပဲ။ ထွက်ပေါက် တစ်ပေါက်တည်း ရှိတာပေါ့။ သူတို့ဘက်မှာ လိုလားချက်ရှိလာရင် ဈေးပြည့်ပြည့်ဝဝ ကောင်းကောင်းရတယ်။ သူတို့ဘက်မှာ မလိုလားတဲ့အခါ ဈေးနှိမ်ခံရတယ်။ အခုဆိုရင် အားလုံးကြိုးပမ်းပြီး ယူအေအီးနိုင်ငံတို့ ဘာတို့ကို စတင်ပို့နေပြီဆိုပေမယ့် နိုင်ငံတော်အပိုင်းကနေ Export လမ်းကြောင်းသစ်တွေ ဖော်ဆောင်ပေးမယ်ဆိုရင် ကျွန်တော်တို့ မြန်မာ့စိုက်ပျိုးရေးလောကကြီးအတွက် အကောင်းဆုံးပါပဲ။ ဒီနှစ်ကတော့ သခွားမွှေး ဈေးကောင်းတဲ့နှစ်တွေထဲက နှစ်တစ်နှစ်ပါ” ဟု ဦးခိုင်ဇော်က ဆိုသည်။

 

သခွားမွှေးပင်ကို ပြည်တွင်းဈေးကွက်အတွက် ရည်ရွယ်စိုက်ပျိုးပါက နှစ်ပတ်လည် စိုက်ပျိုးနိုင်ပြီး၊ တရုတ်ပြည် ဈေးကွက်တင်ပို့ရန် ရည်ရွယ်စိုက်ပျိုးပါက စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။ သခွားမွှေးတစ်ဧက စိုက်ပျိုးစရိတ် စုစုပေါင်း ငွေကျပ် ၄၅ သိန်းမှ သိန်း ၅၀ ကြား ကုန်ကျနိုင်ကြောင်း သိရသည်။

နန်းထက်ထက်ချစ်