ယခုလတွင် ဝုဖ်ကွင်းလယ်ကစားသမား နီဗက်စ်ကို မန်ယူအသင်း ခေါ်ယူလို

ဇန်နဝါရီ  ၉

မန်ယူအသင်းသည် ယခုလတွင် ဝုဖ်အသင်းမှ ရူဘင်နီဗက်စ်ကို ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၂၄ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား နီဗက်စ်သည် ဝုဖ်အသင်းနှင့် လက်ရှိချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်ရှိနေ သေးကြောင်း သိရသည်။

သို့သော်လည်း နီဗက်စ်အနေဖြင့် ချန်ပီယံလိဂ်တွင် ကစားချင်ကြောင်း ဖွင့်ဟဝန်ခံထားသည့်အတွက် အဆိုပါ အပြောင်းအရွှေ့မှာ ဖြစ်မြောက်လာဖွယ် ရှိသည်။ မန်ယူအသင်းသည် ပေါ်တူဂီကစားသမား နီဗက်စ်ကို ပြီးခဲ့သည့် နွေရာသီကတည်းက စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်ကာ ယခုလတွင် ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မန်ယူအသင်းသည် နီဗက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းဖွယ်ရှိသော်လည်း ဝုဖ်အသင်းက ပေါင် သန်း ၄၀ အထက်ဖြင့်သာ လက်ခံစဉ်းစား ဖွယ်ရှိနေသည်။

ကွင်းလယ်မှ မက်တွန်မီနေး၊ မာတစ်နှင့် ဖရက်တို့ ခြေစွမ်းပြသရန် ရုန်းကန်နေရသည့်အတွက် မန်ယူ ယာယီနည်းပြ ရန်းနစ်ခ်အနေဖြင့် ယခုလတွင် ကွင်းလယ်ကစားသမားသစ်တစ်ဦး ခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ နီဗက်စ်သည် ၂၀၁၇ ခုနှစ်တွင် ပေါ်တိုအသင်းမှ ဝုဖ်အသင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၉၅ ပွဲ ပါဝင်ကစားထားကာ ၂၁ ဂိုး သွင်းယူပေးထားသည်။

မန်ယူအသင်းသည် ဇန်နဝါရီ ၄ ရက်က ဝုဖ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည့်အတွက် ပရီမီယာလိဂ် ၁၉ ပွဲကစားပြီး ၃၁ မှတ်ဖြင့် အဆင့် (၇) နေရာတွင် ရပ်တည်နေသည်။

အောင်ဇော်