ယီမင်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအတွက် ပိုမို ထောက်ပံ့ကြရန် ကုလ တောင်းဆို

၃ ဇွန်

 

ပြည်တွင်းစစ်ဖြစ်ပွားမှု ကြာမြင့်နေပြီဖြစ်သည့် ယီမင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ပျံ့နှံ့ လာနိုင်သဖြင့်  ထောက်ပံ့မှုများ တိုးမြှင့်ပေးရန် ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။

 

ဆော်ဒီ ကျောထောက်နောက်ခံသမ္မတ အဗက်ရမ်ဘူ မန်ဆာဟင်ဒီ၏ အစိုးရနှင့် အီရန် ကျောထောက်နောက်ခံ ပေးထားသည့် ဟူသီ သူပုန်များအကြား တိုက်ခိုက်မှုများကြောင့် ယီမင်နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ပြိုလဲပျက်စီးခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာလျက်ရှိသည်။

 

ယီမင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃၅၈ ဉီးရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးက ထုတ်ပြန်ခဲ့သော်လည်း ယီမင်နိုင်ငံ၏ စမ်းသပ်မှု စွမ်းရည်မလုံလောက်မှုများကြောင့် အရေအတွက် အမှန်ကို မသိရခြင်းဖြစ်ကြောင်းနှင့် အမှန်တကယ်တွင် ကူးစက်ခံရသည့် အရေအတွက်မှာ ထိုထက်ပို၍ များပြားနိုင်သည်ဟု ဆိုသည်။

 

ဗွီဒီယိုကွန်းဖရန့်နှင့် ပြုလုပ်သည့် အစည်းအဝေးပွဲတွင် ယီမင်နိုင်ငံနှင့် ပတ်သက်ပြီး အရေးတကြီး လိုအပ်ချက်များရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွေးရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က အလေးထားပြောကြားခဲ့သည်။

 

ယီမင်နိုင်ငံတွင် ရောဂါအတွက် စမ်းသပ်ကိရိယာများနှင့် အခြေခံကာကွယ်သည့် အကာအကွယ် ပစ္စည်းများ ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

 

အစည်းအဝေးအတွင်း ဂျပန်နိုင်ငံမှ ဒေါ်လာ ၄၁ သန်းကျော် အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ဒသမ ၃၅ ဘီလီယံ ထောက်ပံ့ရန် ကမ္ဘာ့နိုင်ငံများက ကမ်းလှမ်းခဲ့သည်။

 

ယီမင်အစိုးရကို ဆန့်ကျင်သည့် တပ်ဖွဲ့များက ဆော်ဒီအာရေဗျမှ ပူးတွဲကြီးမှူးကျင်းပသည့် အဆိုပါ အစည်းအဝေးပွဲကို ဝေဖန်လျက်ရှိသည်။

 

ယီမင်နိုင်ငံ၌ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အလားအလာကောင်းများ ပျက်စီး ဆုံးရှုံးလာခြင်းနှင့် လူသားချင်း စာနာမှု အခြေအနေများ ယိုယွင်းလာမှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ တိုးပွားလာလျက် ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်