ယီမင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ဆာနားလေဆိပ် ပြန်လည် ဖွင့်လှစ်ရေး ဆွေးနွေး

ယီမင်၌ ဖြစ်ပွားနေသည့် ပြည်တွင်းစစ် အဆုံးသတ်စေရေးအတွက် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆွီဒင်၌ ဆက်လက်ကျင်းပနေကြောင်း သိရသည်။ ဆွေးနွေးပွဲများတွင် အထူး အလေးပေးဆွေးနွေးနေသည့် အကြောင်းအရာများအနက် တစ်ခုမှာ မြို့တော်ဆာနား၌ လေဆိပ်ပြန်လည်ဖွင့်လှစ်ရေး ဖြစ်ကြောင်း သိရသည်။

ယီမင်အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် သူပုန်အဖွဲ့ အင်အားစုများသည် ကုလသမဂ္ဂ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် ဆွေးနွေးပွဲများတွင် ပါဝင်လျက်ရှိကြသည်။ ဆွေးနွေးပွဲများကို ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်ခဲ့ခြင်းဖြစ်သည်။

စနေနေ့က အစိုးရနှင့် သူပုန်အဖွဲ့ နှစ်ဖက်စလုံးတို့သည် လေဆိပ်ပြန်လည် ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ သဘောထား ကွဲပြားမှုများကို ညှိနှိုင်းရာတွင် ညီညွတ်မှု မရရှိခဲ့ပေ။ အီရန်တို့ ကျောထောက် နောက်ခံပေးထားသည့် ဟူသီသူပုန်များသည် လေဆိပ် အပြည့်အဝပြန်လည် ဖွင့်လှစ်ရန် တောင်းဆိုခဲ့ကြသည်။ သို့သော် အစိုးရကိုယ်စားလှယ်များက နိုင်ငံအတွင်းသို့ လက်နက်များ ဝင်ရောက်လာနိုင်သည့် အန္တရာယ်ကြောင့် လေဆိပ်ကို ပြည်တွင်းလေကြောင်းခရီးစဉ်များ အတွက်သာ ဖွင့်လှစ်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ