ယီမင် တွင် ယခုနှစ် ကာလဝမ်းရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူ လေးသိန်းခြောက်သောင်းကျော်ရှိ ၊ ၇၀၅ ဦးသေဆုံး

၉ ဇူလိုင်

 

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယီမင်နိုင်ငံတွင် ယခုနှစ်   ကာလဝမ်းရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူပေါင်းမှာ ယခုချိန်ထိ လေးသိန်းခြောက်သောင်းကျော်ရှိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ထိုသံသယဖြစ်ဖွယ် ရောဂါများကြောင့် ယမန်နှစ် အလားတူ ကာလက သေဆုံးသူ ၇၅ ဦးနှင့် နှိုင်းယှဉ်ပါက ယခုနှစ်သေဆုံးသူပေါင်း ၇၀၅ ဦး ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

၂၀၁၉ ခုနှစ် တွင် ထိုရောဂါကူးစက်သည်ဟု သံသယရှိသည့် ကလေးပေါင်း နှစ်သိန်းခန့်ရှိကြောင်း Farhan Haq ၏ ပြောကြားချက်အရ သိရသည်။

 

မကြာသေးမီက ရေကြီးခြင်းကြောင့် နိုင်ငံအနှံ့  ကာလဝမ်းရောဂါ ပျံ့နှံ့မှုများပြားလာကာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ် ညံ့ဖျင်းခြင်းနှင့် ဆည်မြောင်းစနစ် ( သို့မဟုတ် ) သောက်သုံးရေသန့်ရှင်းမှု မရှိခြင်းတို့ကြောင့်လည်း ထိုရောဂါမှာ  ပိုမိုဆိုးဝါးလာခဲ့သည်။

 

ကုလသမဂ္ဂနှင့် မိတ်ဖက်နိုင်ငံများက ယီမင်အနီးတစ်ဝိုက်တွင် ကာလဝမ်းရောဂါ ကုသဆောင် ၁၂၀ဝ ခန့် ဖွင့်လှစ်ထားကြောင်းနှင့် ယင်းကုသ​ဆောင်များတွင် သုံးရန်  ရန်ပုံငွေ အရေးတကြီးလိုအပ်နေကြောင်း   Farhan Haq က ထပ်လောင်းပြောကြားခဲ့သည်။        

 

ယီမင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ချက် အစီအစဉ်အရ ယခုနှစ်တွင် လူဦးရေ သန်း ၂၀ ကျော်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ လိုအပ်ကြောင်း Farhan Haq က ပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ        
ဘာသာပြန် - မြင့်မြင့်ချို