YCDC အနေဖြင့် သုံးလအတွင်း  Single Window  တပ်ဆင်နိုင်ရန် ဆောင်ရွက်မည်

ရန်ကုန် ၁၄  စက်တင်ဘာ 


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) အနေဖြင့် သုံးလအတွင်း Single Window တပ်ဆင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။


အခွန်ပေးဆောင်မှုအတွက် ဘဏ်စနစ်နဲ့ ချိတ်တွဲသလိုမျိုးပဲ နောက်ပိုင်းမှာ Single Window အတွက်လည်း ဝန်ဆောင်စရိတ်တွေကို ပိုက်ဆံပေးရမှာ ဖြစ်ပါတယ်။ ဒီ Single Window မှာက ပိုက်ဆံပေးစရာ မလိုဘဲနဲ့ အွန်လိုင်းကနေ Mobile Banking ကနေ ပိုက်ဆံပေးနိုင်မယ်ဆိုရင် ဒီဟာက ဝန်ဆောင်မှုကောင်းဖို့လည်း ဖြစ်နိုင်သလို တစ်ဖက်မှာ အဂတိမှုတွေကိုလည်း ကင်းရှင်းသွားစေနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် မြို့ တော်စည်ပင်သာယာအနေနဲ့ လာမယ့်သုံးလလောက် ကာလအတွင်း၊ ဒီနှစ်မကုန်ခင်အတွင်းမှာ Single Window တပ်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းပါမယ်။ ပြည်သူတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားပါမယ်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။


ယခုနှစ် မကုန်ခင်ကာလအတွင်း Single Window တပ်ဆင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး Single Window အား အွန်လိုင်း mobile banking မှတစ်ဆင့် အခွန်ဆောင်ခြင်းသည် ဝန်ဆောင်မှုကောင်းတစ်ရပ်ဖြစ်နိုင်သလို တစ်ဖက်တွင်လည်း အဂတိမှုများ ကင်းရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။


မကြာခင်ကာလက အိမ်ဆောက်ပါမစ်ထုတ်ပေးသည့် ကိစ္စနှင့်ပတ်သက်၍ အွန်လိုင်းစနစ်တစ်ခုကို စတင်မိတ်ဆက်ပေးခဲ့ပြီး နောက်ပိုင်းတွင် အားလုံးကို ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။


ထို့ပြင် မြေပုံရာဇဝင် ထုတ်ယူမှုအပိုင်းနှင့် ပတ်သက်၍လည်း အွန်လိုင်းမှ ဆောင်ရွက်ပေးနိုင်ရန် စတင်ခဲ့သော်လည်း အဆိုပါ စနစ်များသည် တစ်ခုချင်းစီ ဖြစ်နေသည့်အတွက် မြို့တော်စည်ပင်သာယာ၏ ဆောင်ရွက်သော ဝန်ဆောင်မှု အားလုံးကို ပေါင်းစည်းဆောင်ရွက်နိုင်သည့် အခြေနေကို ရှေ့ဆက်သွားရန် အတွက် Single Window တပ်ဆင်ရေးကို ကြိုးစားရမည်ဖြစ်သည်။


ဝန်ကြီးချုပ်ကြီးက ၃ လနေရင်  Single Window စပါမယ် လို့ပြောပါတယ်။ ကျွန်မတို့ကြိုးစားပါမယ်။ ကြိုးစားနေပါတယ်။ ဘုရင့်နောင် ဖောင်ဖျက်သလိုတော့ ကျွန်မတို့ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကြီး ပြောလိုက်တဲ့အချိန်မှာ အံ့သြသွားပါတယ်။ ကျွန်မတို့စီစဉ်နေတဲ့အချိန်တုန်းက ဒီလောက်မြန်မြန်ဖြစ်မယ် မဖြစ်ဘူးဆိုတာ တကယ်အောင်မြင်အောင်ဆောင်ရွက်နိုင်မှ တကယ်ဖြစ်နိုင်မှ လုပ်ချင်လို့ ကြိုတင် ပြင်ဆင်ဆောင်ရွက်မှုတွေ ယူလေ့ရှိပါတယ်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။


YCDC တွင် လက်ရှိ သုံးနေသည့် ဆော့ဝဲလ်ပေါင်း ၃၉ ခုရှိပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့် ရေပေးဝေမှုကို PPP စနစ်ဖြင့် လုပ်ဆောင်ရန် ဆော့ဝဲလ်တစ်ခုအား ထပ်မံရေးဆွဲနေကြောင်း သိရသည်။


သူရိန်ကျော်