YBS ယာဉ်များမှ YRTA ထံ ပေးသွင်းရသည့် စီမံခန့်ခွဲမှုရန်ပုံငွေ ကင်းလွတ်ခွင့်ကို မေ ၃၁ ရက်ထိ တိုးမြှင့်

မေ ၁၊ ၂၀၂၀

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ပြေးဆွဲနေသည့် YBS ယာဉ်များမှ YRTA ထံ ပေးသွင်းရသည့် စီမံခန့်ခွဲမှုရန်ပုံငွေ ကင်းလွတ်ခွင့်ကို မေ ၃၁ ရက်ထိ တိုးမြှင့်ပေးလိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။

 

YBS သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများနှင့် တာဝန်ခံယာဉ်လိုင်းများမှ YRTA သို့ ပေးသွင်းရသည့် စီမံခန့်ခွဲမှု ရန်ပုံငွေ ကျပ် ၄၀ဝ၀ ပေးသွင်းမှုကို ယခင် မတ် ၂၇ ရက်မှ ဧပြီ ၃၀ ရက်ထိ ယာယီ ကင်းလွတ် ခွင့်ပြုခဲ့ရာမှ ယခုအခါ YBS သယ်ယူပို့ဆောင်‌ရေး ကုမ္ပဏီများနှင့် တာဝန်ခံယာဉ်လိုင်းများအား ကူညီထောက်ပံ့သည့် အနေဖြင့် မေ ၃၁ ရက်ထိ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။

 

အဆိုပါ YBS ယာဉ်အစီးရေမှာလည်း ယခင်က တစ်နေ့လျှင် အစီးရေ  ၄၅၀ဝ ခန့် ပြေးဆွဲလျက်ရှိသော် လည်း ယခုအခါ ကိုဗစ်-၁၉ ကြောင့် ခရီးသွားလာမှုရှိသော ပြည်သူများ၏အခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရလည်းကောင်း စီမံပြေးဆွဲနေရကာ လက်ရှိ YBS ယာဉ်လိုင်း (၁၀၁) လိုင်းမှ မော်တော်ယာဉ်စီးရေ ၂၀ဝ၀ ခန့်ဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင် ပေးနေကြောင်း YRTA ထံမှ သိရသည်။

 

"ဒါဟာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အနေနဲ့ YBS ယာဉ်လိုင်း ကုမ္ပဏီများကို တစ်ထောင့်တစ်နေရာကနေပြီးတော့ ပံ့ပိုးမှုဖြစ်စေအောင် စီစဉ်ဆောင်ရွက် ပေးခြင်းဘဲ ဖြစ်ပါတယ်"ဟု YRTA မှ မန်းနေးဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော် က ပြောကြားထား သည်။

 

YBS ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့်လည်း မော်တော်ယာဉ်တစ်စင်း ထွက်ခွာမည်ဆိုပါက နေ့စဉ် ဆောင်ရွက်ရသည့် ခရီးစဉ်မှတ်တမ်းရေးသွင်းခြင်း၊ Way Bill များထုတ်ပေးခြင်း၊ Time Sheet များဖြင့် ပြေးဆွဲခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များအား ယခင် ဆောင်ရွက်နေသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အနေဖြင့် YBS ယာဉ်လိုင်းကုမ္ပဏီများ အခက်အခဲ ရှိလာပါကလည်း ဖြေရှင်းဆောင်ရွက်ပေးရန် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း သိရသည်။

 

လက်ရှိ YRTA အနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကို တားဆီးကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နေပြီး YBS ယာဉ်လိုင်းကုမ္ပဏီများက လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိကြောင်း၊ YBS ယာဉ်လိုင်းကုမ္ပဏီများရှိ မော်တော်ယာဉ် များမှာလည်း နေ့စဉ် ပုံမှန်ပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ကပ်ရောဂါကို တားဆီးကာကွယ်နိုင်ရန် YBS ယာဉ်လိုင်းကုမ္ပဏီများအပါအဝင် လူမှု့အဖွဲ့အစည်းများနှင့် ပြည်သူလူထုကလည်း YBS ယာဉ်များပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် လိုက်နာရမည့် အချက်များကို စတေကာများဖြင့် ကပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာဆောင်များ ဝေငှခြင်း၊ YBS ယာဉ်များပေါ်တွင်  လက်သန့်ဆေးရည်များ ထားရှိခြင်း၊ ကားဂိတ်၊ ရထားဂိတ် များတွင်လည်း လက်ဆေးကန်များထားရှိခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း စသည်တို့ကို ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းနံပါတ် ၁၀ဝ ကျော်ရှိ်သည့်အပြင် Airport Shuttle Bus၊ City Transit တို့ဖြင့် လမ်းကြောင်းပေါင်း ၁၃၅ လမ်းကြောင်းကို ပြေးဆွဲပေးနေကြောင်း သိရသည်။

 

ငြိမ်းငြိမ်း