YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော် ၂၇ ဇွန် 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နယ်မြေသတင်းစုံစမ်း ဆောင်ရွက်လျက်ရှိစဉ် ဇွန် ၁၈ ရက် နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း၊ သုဝဏ္ဏဈေးကားမှတ်တိုင်တွင် YBS ယာဉ်လိုင်းအမှတ် (၄၂) ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်သတင်းရရှိသူ ဇော်မင်းထွန်း(ခ)ဘောကြီးနှင့် ကျော်မျိုး(ခ)ဝတုတ်တို့ (၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဇော်မင်းထွန်း(ခ)ဘောကြီးထံမှ SAMSUNG Galaxy Mega အမျိုးအစား၊ လက်ကိုင်ဖုန်း (၁)လုံး၊ Huawei အမျိုးအစား၊ ရွှေရောင်လက်ကိုင်ဖုန်း (၁) လုံးတို့ကို ရှာဖွေတွေ့ရှိ၍ စစ်မေးခဲ့ရာ ၄င်းတို့ ၂ ဦးသည်  YBS ယာဉ်လိုင်းအမှတ် (၄၂) ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထံမှ ကျော်မျိုး (ခ)ဝတုတ်က လူကာပေးပြီး ဇော်မင်းထွန်း(ခ)ဘောကြီးမှ နှိုက်ယူရရှိသည့် လက်ကိုင်ဖုန်းများဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ သက်သေခံပစ္စည်းများအား သိမ်းဆည်းခဲ့ပြီး သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၅၂၂/၂ဝ၁၉၊ရာဇသတ်ကြီး ပုဒ်မ၃၇၉(နှိုက်)/ ကျင့်၅၄ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။

တရားခံ ဇော်မင်းထွန်း(ခ)ဘောကြီးနှင့် ကျော်မျိုး(ခ)ဝတုတ်တို့(၂)ဦးအား အခြားခါးပိုက်နှိုက်မှုများဖြင့် တိုက်ဆိုင်စစ်ဆေးရာ  ၎င်းတို့(၂)ဦးသည် ဇွန်လထဲတွင် YBS အမှတ်(၄၂) ယာဉ်ပေါ်ပါ ခရီးသည်များထံမှ လက်ကိုင်ဖုန်းမျိုးစုံ (၄)လုံးအား တစ်ကြိမ်၊  ဇွန်လပိုင်းမှာပင် ရက်မမှတ်မိနေ့ နံနက် ၇ နာရီအချိန်တွင် YBS အမှတ်(၄၂) ယာဉ်ပေါ်ပါ ခရီးသည်များထံမှ လက်ကိုင်ဖုန်းမျိုးစုံ (၄)လုံးအားလည်းကောင်း၊ အလားတူ ဇွန်လပိုင်းရက်မမှတ်မိနေ့ နံနက် ၇ နာရီတွင် YBS အမှတ်(၉) ယာဉ်ပေါ်ပါခရီးသည်များထံမှ လက်ကိုင်ဖုန်းမျိုးစုံ(၃)လုံးအား တစ်ကြိမ် နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။  

ရဲပြန်ကြား