ယာဉ်မတော်တဆမှုကြောင့် ပြုတ်ထွက်သွားသော သုဓမ္မာဇရပ်မှ တိုင်လုံးအား ယာဉ်ပိုင်ရှင်မှ ပြန်လည်ပြုပြင်ပေးမည်

မန္တလေး ၂၈ သြဂုတ် 

 

မန္တလေးတောင်ခြေ ၊ ကျုံးမြောက်ဘက် သုဓမ္မာဇရပ် အဆောင် ၂ တွင်ရှိသော သစ်သားတိုင်လုံးအား ယာဉ်မတော်တဆမှုကြောင့်တိုင်လုံး ပြုတ်သွားသဖြင့် ယာဉ်ပိုင်ရှင်မှ အကုန်ကျခံကာ ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

 

အခုလ ၂၇ ရက် ညပိုင်းက ကျုံးမြောက်ဘက် ၊ ၁၂ လမ်းတွင်ရှိသော  သုဓမ္မာဇရပ် အဆောင် ၂ ၏ အရှေ့တောင်ဘက်တွင်ရှိသော တိုင်လုံးအား ယာဉ်တစ်စီးမှ အရှိန်ဖြင့်ဝင်တိုက်မိရာ တိုင်လုံးပြုတ်ထွက်သွားခဲ့သည်။ ပြုတ်သွားသောတိုင်လုံးအား တိုက်မိသည့် ယာဉ်ပိုင်ရှင်မှ အကုန်ကျခံကာ ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါတိုင်လုံးများ၏ အောက်ခြေဆွေးနေသည့်အပိုင်းများအား ၂၀၁၁ ခုနှစ်က ပြန်လည်ပြုပြင်မှုများပြုလုပ်ခဲ့ သည်ဟုသိရသည်။

 

‘တိုင်တွေရဲ့ အောက်ထဲမှာက မကျန်ဘူး။ အရင်ကတည်းကတိုင်တွေက အောက်ခြေတွေက ဆွေးနေပြီးသား။ ၂၀၁၁ ခုနှစ်လောက်က ဒါတွေအကုန်လုံးပြင်ထားတာ။ ဆွေးနေတဲ့တိုင်တွေကို အကုန်ဖြတ်ထုတ်ထားတာ။ ဖြတ်ထုတ်ထားတာတွေကိုပြန်ဆက်ထားတဲ့နေရာမှာ မူလီခေါင်းကသေးတော့ ပြုတ်ထွက်သွားတာ’ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာန (မန္တလေးဌာနခွဲ) ၊ ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

လက်ရှိအချိန်တွင် ရှေးဟောင်းသုသေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အင်ဂျင်နီယာများဖြင့် ရှေးမူမပျက်  ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နေကြောင်းသိရသည်။ 

 

သုဓမ္မဇရပ်ဆောင်များကို ဒေသအသီးသီးမှ စာဖြေရန် ကြွရောက်တော်မူသော သံဃာတော်များ သီတင်းသုံးတော်မူရန် မင်းတုန်းမင်းတြားကြီးမှဆောင်လုပ်ခဲ့ခြင်းဖြစ်သည်။ မူလက ဇရပ်ပေါင်း ၃၃ ဆောင်ရှိကာ စစ်အတွင်းမှာ ဇရပ် ၁၄ ဆောင်ပျက်စီးခဲ့ပြီး ယခုအခါ ဇရပ်ပေါင်း ၁၉ ဆောင်သာကျန်တော့ကြောင်းသိရသည်။ 

 

အိမို့မို့ခိုင်