ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မှုခင်းများ မဖြစ်ပွားစေရေး ကွင်းဆင်းအသိပညာပေး

ဂန့်ဂေါခရိုင် ကျောက်ထုမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် မဖြစ်ပွားစေရေးအတွက် လမ်းဆုံနေရာများ၌ ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးဆောင်ပါဝင်သည့် ပူးပေါင်းအဖွဲ့က လမ်းသွားလမ်းလာများ စီးနင်းသည့် ယာဉ်များအား စစ်ဆေးခြင်း၊ ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးခြင်းကို ဒီဇင်ဘာ ၁၅ ရက်က ကွင်းဆင်းဆောင်ရွက်ကြသည်။ 

 

“ကျောက်ထုမြို့နဲ့ ကျေးရွာတွေမှာရှိတဲ့ ယာဉ်ကြီးယာဉ်ငယ်တွေ တစ်နေ့ထက် တစ်နေ့များ ပြားလာပါတယ်၊ ပခုက္ကူ- ပေါက်- ကျောက်ထု- မင်းတပ်လမ်း၊ ပခုက္ကူ- ပေါက်- ကျောက်ထု- ဂန့်ဂေါလမ်း၊ ဂန့်ဂေါ- ကျောက်ထု- ဆော- ကန်ပက်လက် လမ်းဆုံမြို့လဲဖြစ်တော့ ထိခိုက်မှုတွေ မဖြစ်ပွားရေးအတွက် အသိပညာပေး ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု နယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် တင်အောင်ယုက ပြောသည်။ 

 

ထိုသို့ စစ်ဆေးရာတွင် ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်အောင်နှင့်အတူ လမ်းဦးစီးဌာန အင်ဂျင်နီယာ ဦးအောင်နေဆန်း၊ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ကြပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် အချက်ပြမီးများ သိရှိနားလည်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည့်အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပြီး ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။ 

 

(မြို့နယ် ပြန်/ဆက်)