Xiaomi ၏ HyperOS အသစ်ကို ပြည်တွင်းမှဖုန်းအချို့တွင် ပထမဆုံး စတင်အပ်ဒိတ်ရရှိ 

 

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

 

Xiaomi ၏ ပထမဆုံး ကိုယ်ပိုင်စက်လည်ပတ်မှုစနစ်သစ်ဖြစ်သော HyperOS ကို  တရုတ်နိုင်ငံအတွင်း အောက်တိုဘာ လကုန်ပိုင်းက  စတင်မိတ်ဆက်ခဲ့ပြီးနောက် ပြည်တွင်းရှိ ဖုန်းအချို့တွင်လည်း ယခုဒီဇင်ဘာ ဒုတိယပတ်အတွင်း မှစ၍  တရားဝင်အပ်ဒိတ်  စတင်ရရှိပြီဖြစ်ကြောင်း သိရသည်။

 

အပ်ဒိတ်စတင်ရရှိသော  ဖုန်းများမှာ Xiaomi က ကြေညာထားသည့်  ဖုန်းမော်ဒယ်များဖြစ်သော Xiaomi 13 Ultra, Xiaomi 13T, Xiaomi 12T, Xiaomi Pad 6 Max နှင့် Redmi K60 Pro.တို့ဖြစ်ပြီး အဆိုပါဖုန်းမော်ဒယ်များကို မူရင်း China ROM ဖြင့် အသုံးပြုသောဖုန်းများသာရရှိခြင်းဖြစ်ကာ Global ROM ပြောင်းသုံးထားသော ဖုန်းများအနေဖြင့် အပ်ဒိတ် ရဦးမည်မဟုတ်ကြောင်း သိရသည်။ သို့ရာတွင် ပြည်တွင်းမှ China ROM ကိုသုံးထားသော အဆိုပါဖုန်းမော်ဒယ် အားလုံးတွင်လည်း အပ်ဒိတ်ရရှိခြင်းမရှိသေးဘဲ အချို့သာရရှိခြင်းဖြစ်ကာ အချို့ဖုန်းများမှာ ဒီဇင်ဘာ ၁၇ ရက်အထိ အပ်ဒိတ်မရသေးကြောင်းလည်း သိရသည်။ အပ်ဒိတ်ရရှိသော HyperOS ဗားရှင်းမှာ ဗားရှင်း 1.0 ဖြစ်သော်လည်း အသေးစိတ်တွင် ဖုန်းမော်ဒယ်အလိုက် တူညီခြင်းမရှိဘဲ 1.0.2.0 , 1.0.25.0 နှင့် 1.0.5.0 စသည်ဖြင့် ဗားရှင်းသုံးမျိုး ကွဲနေသည်ကို တွေ့ရသည်။

 

HyperOS တွင် အားသာချက်များအနေဖြင့် MiUI ၏ နောက်ဆုံးအပ်ဒိတ်ဖြစ်သော MiUI 14 ထက် ပိုကောင်းကြောင်း၊ Animation လုပ်ဆောင်ချက်များတွင် ပို၍ချောမွေ့ကြောင်း၊ ဖုန်းပူခြင်းနှင့် နှေးကွေးသွားခြင်းကို သက်သာစေပြီး ဘက်ထရီကိုလည်း ပို၍အားကုန်သက်သာစေကြောင်း၊ Lock screen တွင်လည်း အသုံးပြုသူစိတ်ကြိုက် ပြုပြင် ပြောင်းလဲမှုများ လုပ်နိုင်သည့် Customize လုပ်ဆောင်ချက်များ ပိုမိုပါဝင်ကြောင်း လက်ရှိစမ်းသပ် အသုံးပြုပြီးသူ တစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

 

HyperOS သည် Xiaomi ၏ ဖုန်းများအပါအဝင် ထုတ်ကုန်အားလုံးအတွက် အသုံးပြုသွားမည့် ပင်မ စက်လည်ပတ်မှုစနစ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် အန်းဒရွိုက်နှင့် ဆင်တူနေသေးသော်လည်း နောက်ပိုင်းတွင် လုံးဝ သီးခြားရပ်တည်သွားမည့် စနစ်ဖြစ်သည်။ Xiaomi အနေဖြင့် ၂၀၁၁ ခုနှစ်က ဖုန်းများစတင်ထုတ်လုပ်ချိန်ကတည်းကစ၍ အန်းဒရွိုက်ကို အခြေခံထားသော MiUI ကိုသာ အသုံးပြုခဲ့ရာမှ ယခုအခါ ပထမဆုံး ကိုယ်ပိုင်စနစ်ဖြစ်သော HyperOS ကို စတင်ထုတ်လုပ်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် HyperOS ကို ထုတ်ကုန်အားလုံးတွင် ထည့်သွင်းအသုံးပြုပြီး HyperOS ကိုသာ အခြေခံသည့် Xiaomi ထုတ်ကုန်ကွန်ရက်တစ်ခု ဖြစ်လာစေရန်အထိ ရည်ရွယ်ထားကြောင်း Xiaomi က အောက်တိုဘာလအတွင်းက သတင်းထုတ်ပြန်ထားခဲ့သည်။

 

Xiaomi အနေဖြင့် ယခင်ကထုတ်ထားခဲ့သော ဖုန်းမော်ဒယ်အဟောင်းများတွင်လည်း HyperOS ကို အသုံးပြုနိုင်ရန် အပ်ဒိတ်များ ထပ်ပေးသွားမည်ဖြစ်ရာ အနိမ့်ဆုံးအနေဖြင့် Xiaomi ဖုန်းများတွင် Xiaomi 10 မှစ၍ နောက်ပိုင်းထွက်ဖုန်းများ၊ Redmi ဖုန်းများ တွင် Redmi K40 မှစ၍ နောက်ပိုင်းထွက်ဖုန်း များ၊ POCO ဖုန်းများတွင် POCO F5 မှစ၍ နောက်ပိုင်းထွက်ဖုန်းများ၊ တက်ဘလက်များ တွင် Xiaomi Pad 5 နှင့် Pad 6 စီးရီးနှစ်ခုမှ မော်ဒယ်အားလုံးတို့ အပါအဝင် ဖုန်းနှင့် တက်ဘလက် မော်ဒယ်စုစုပေါင်း ၁၀၇ မျိုး သည် ၂၀၂၄ ခုနှစ်အတွင်း HyperOS အပ်ဒိတ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း Xiaomi က ထုတ်ပြန်ကြေညာထားသည်။

 

ကိုစိုး