ဝယ်ယူမှုနည်းပါးသည့် နောင်တရားဒေသထွက်ကုန်းများ အခြားဒေသသို့ ပေးပို့လှူဒါန်း

mdn


နောင်တရား   ဩဂုတ် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ဈေးနှုန်းမရှိ၍ ရောင်းမရသော စိုက်ပျိုးရေးထွက်ကုန်များကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အလှူရှင်များ ပူးပေါင်းဝယ်ယူ၍ လိုအပ်သော ပြည်သူများထံသို့ ပေးပို့လှူဒါန်းလျက်ရှိကြောင်းသိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးခွန်ရဲထွေး၏ ဦးဆောင်မှုဖြင့် ခေမာ လူမှုကူညီရေးအသင်းနှင့် အခြားအလှူရှင်များ ပူးပေါင်း၍ နောင်တရား ဒေသအတွင်းရှိ ဈေးနှုန်းမရှိ၍ ရောင်းမရသော စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ်၊ ပန်းမုန်လာနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကို ကျေးရွာအရောက် ဝယ်ယူ၍ လိုအပ်နေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ပြည်သူများထံသို့ နေ့စဉ်ပေးပို့ လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးရေးထွက်ကုန်များမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားနေသည့် ကာလအတွင်း ကုန်သည်များဝယ်ယူမှုနည်းပါးနေခြင်းကြောင့် ရောင်းချရန်မလွယ်ကူခြင်း ဖြစ်သည်။ 

ရောင်းမရသော စိုက်ပျိုးရေးထုတ်ကုန်များကို အလှူရှင်များက ဝယ်ယူ၍ လိုအပ်သောပြည်သူများသို့ ပြန်လည်လှူဒါန်းခြင်းကြောင့် စိုက်ပျိုးရေးတောင်သူများ ဆုံးရှုံးမှုနည်းပါးသွားကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)