WY စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း မြိတ်တွင် ဖမ်းဆီးရမိ

မြိတ်  ၂၂  ဇွန်   

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မူးယစ်ဆေးဝါးသတင်းအရ ကျပ်သိန်းပေါင်း(၁၀ဝ၀ဝ)ခန့် တန်ဖိုးရှိ WY စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းကို လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူ(၂)ဦးအား မူးယစ်ဆေးဝါး ရောင်းချရာတွင် အသုံးပြုသော ဆိုင်ကယ်နှစ်စီးနှင့်အတူ ဇွန် ၂၁ ရက် ညနေပိုင်းက မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူ(၂)ဦးမှာ မြိတ်တောင်ကျေးရွာ ချမ်းမြေ့သာယာရပ်ကွက်နေ သန်းထိုက်နှင့် ကျော်သူရထွန်း(ခ)ဝတုတ်တို့ဖြစ်ပြီး WY စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းနှင့်အတူ မူးယစ်ဆေးဝါး ရောင်းချရာတွင် အသုံးပြုသော Wave 100 နှင့် Click I 125 အမျိုးအစား ဆိုင်ကယ် (၂)စီးကိုဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိရောင်းချသူ သန်းထိုက်နှင့် ကျော်သူရထွန်းတို့ကို မြိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် ကြီးကြပ်မှုဖြင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ်အောင်နိုင်ဦးနှင့်တပ်ဖွဲ့ဝင်များသည်  သက်သေများနှင့်အတူ မြိတ်မြို့ မြစ်ငယ်ရပ်ကွက် မြတ်လေးလမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် မြတ်လေးလမ်းအတိုင်း သန်းထိုက် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စေ၍  ဆိုင်ကယ် ကြွက်လျှောက်တန်းတွင် တင်ဆောင်လာသော ဆေးပြား(၁၀ဝ၀ဝ)ပြားကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

 

ထို့နောက် သန်းထိုက်အား သက်သေများနှင့်အတူ စစ်မေးရာ ကျော်သူရထွန်းထံမှ ဝယ်ယူရရှိကြောင်း ထွက်ဆိုသဖြင့် ကျော်သူရထွန်းနေအိမ်အား သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများမတွေ့ရှိရဘဲ ၎င်းအား စစ်မေးရာ ၎င်းတို့(၂)ဦး ပူးပေါင်းရောင်းချရန် မူးယစ်ဆေးဝါးများအား သန်းထိုက်၏ နေအိမ်တွင် သိမ်းဆည်းထားကြောင်း ထွက်ဆိုသဖြင့် သန်းထိုက်၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကိုးသောင်း ရှာဖွေတွေ့ရှိရ၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

 

 ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

e 220619 mye