ဝူဟန်မြို့ရှိ မြန်မာကျောင်းသား ကျောင်းသူ ၆၃ ဦးအား ပြန်လည်ခေါ်ယူနိုင်ရေး အထူးလေယာဉ်စေလွှတ်ခေါ်ယူသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိ

mdn

နေပြည်တော် ၁ ဖေဖော်ဝါရီ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသည့် မြန်မာကျောင်းသား ကျောင်းသူ ၆၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရ၏ စီစဉ်ဆောင်ရွက်နေမှုများကို သိရှိနိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

မေး။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်မှာ ဝူဟန်မြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံအစိုးရအနေနဲ့ ကူညီစောင့်ရှောက်ပေးနေမှုအခြေအနေကို သိချင်ပါတယ်။

 

ဖြေ။ ။ ဝူဟန်မြို့မှာရောက်ရှိနေတဲ့ မြန်မာကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၃ ဦးရှိတယ်လို့ ပေကျင်း မြို့ မြန်မာသံရုံးက သတင်းပေးပို့မှုအရ သိရှိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်ကစတင်ပြီး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးဖို့ မြန်မာအစိုးရအနေနဲ့ ပေကျင်းမြို့ မြန်မာသံရုံးကိုညွှန်ကြားခဲ့ပါတယ်။ သံရုံးနဲ့ ကျောင်းသား တွေအကြား အဆက်မပြတ် ဆက်သွယ်မှုလည်း ရှိနေပါတယ်။ တရုတ်အစိုးရအနေနဲ့ ကျောင်းသားတွေကို အစား အသောက်ဝေငှပေးတာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေကို သက်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။

 

ပေကျင်းမြို့ မြန်မာသံရုံးကလည်း ဖြစ်ပေါ်တိုးတက်မှု တွေကို အချိန်နဲ့တစ်ပြေးညီ နိုင်ငံခြားရေးဝန်ကြီးဌာနကို အစီရင်ခံတင်ပြသလို သတင်းထုတ်ပြန်ချက်တွေကိုလည်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင် ဂူဟန်မှာရှိတဲ့ အမေရိကန်၊ ဂျပန်နဲ့ စင်ကာပူနိုင်ငံတို့က နိုင်ငံခြားသားတွေ ကို အထူးလေယာဉ်(Chartered Flight)နဲ့ ပြန်လည်ခေါ်ယူ နိုင်ဖို့ တရုတ်နိုင်ငံအစိုးရက ဇန်နဝါရီ ၂၉ ရက်က စတင်ပြီး စိစစ်ခွင့်ပြုနေပြီ ဖြစ်ပါတယ်။

 

တရုတ်အစိုးရက စတင်ခွင့်ပြုခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် မှာပဲ မြန်မာကျောင်းသား ကျောင်းသူ ၆၃ ဦးကို မြန်မာနိုင်ငံ ကို အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တင်ပြခဲ့ရာမှာ နိုင်ငံတော်အကြီးအကဲ တွေက ချက်ချင်းခွင့်ပြုချက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ကျောင်းသားတွေကို အမြန်ဆုံးခေါ်ယူနိုင်ဖို့ တရုတ်အစိုးရနဲ့ နှစ်နိုင်ငံအကြား လေယာဉ်ဆင်းသက်ခွင့်နဲ့ ပြန်လည်ခေါ်ယူနိုင်ဖို့ ညှိနှိုင်းနေပြီ ဖြစ်ပါတယ်။

 

မေး။ ။ အထူးလေယာဉ်နဲ့ပြန်လည်ခေါ်ယူဖို့ ဘယ်လိုစီစဉ်ဆောင်ရွက်ထားလဲဆိုတာကို သိချင်ပါတယ် ခင်ဗျာ။

 

ဖြေ။ ။ အထူးလေယာဉ်နဲ့ သွားရောက်ခေါ်ယူတဲ့အခါမှာ လည်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေ ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူသုံးဦးလေယာဉ်နဲ့အတူ လိုက်ပါသွားမှာ ဖြစ်ပါတယ်။ ပြန်ရောက်တဲ့ အခါမှာလည်း အဲဒီကျောင်းသား၊ ကျောင်းသူတွေကို မန္တလေးမှာရှိတဲ့ ကန်တော်နဒီဆေးရုံမှာ သီးခြားခွဲထားပြီး ရက်သတ္တနှစ်ပတ်ခန့် လိုအပ်တဲ့ ကျန်းမာရေးစောင့်ကြည့်မှုအစီအမံတွေ စနစ်တကျဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြိုတင်စီမံဆောင်ရွက်ထားရှိတယ်လို့ သိရှိရပါတယ်။

 

ဒါ့အပြင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်မယ့် အကျိုးဆက်တွေကို ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပူးတွဲဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက အဆင့်မြင့်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ “2019 Novel Coronavirus (2015-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးဗဟိုကော်မတီ”ကို ဇန်နဝါရီ ၃၀ ရက်က ဖွဲ့စည်း ပေးခဲ့ပါတယ်။ ဗဟိုကော်မတီရဲ့ ပထမအကြိမ် အစည်း အဝေးအတွက် ကြိုတင်ပြင်ဆင်ရေး ကနဦးညှိနှိုင်းအစည်း အဝေးကို ဇန်နဝါရီ ၃၁ရက်မှာကျင်းပခဲ့ပြီး ဗိုင်းရပ်စ်မပြန့်ပွားရေး ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေအပါအဝင် လိုအပ်မယ့်လုပ်ငန်းစဉ်တွေကို အသေးစိတ်ညှိနှိုင်းဆွေးနွေး ခဲ့ကြပါတယ်။

 

 မေး။ ။ ဝူဟန်မြို့ရောက် မြန်မာနိုင်ငံသားတွေကို ချန်းရှမြို့ ကနေတစ်ဆင့် ပြန်လည်ခေါ်ယူသွားမယ့် အစီ အစဉ်ကို သိချင်ပါတယ်။

 

ဖြေ။ ။ ရောဂါစတင်ဖြစ်ပွားစဉ်မှာ ဝူဟန်မှာရှိတဲ့ ကျောင်းသားတွေကို ဝူဟန်မြို့တည်ရှိတဲ့ ဟူပေ ပြည်နယ်ကနေ အနီးစပ်ဆုံး ချန်းရှမြို့ ကို မော်တော်ယာဉ်နဲ့ တစ်ဆင့် ပို့ဆောင်ပြီး အဆိုပါမြို့ ကနေတစ်ဆင့် မြန်မာနိုင်ငံ ကို လေယာဉ်နဲ့ ပို့ဆောင်ဖို့ စီစဉ်ထားခဲ့ပါတယ်။

 

ဒါပေမယ့် တရုတ်နိုင်ငံ သက်ဆိုင်ရာပြည်နယ်ကနေ ထုတ်ပြန်ထားတဲ့ ဒေသန္တရ စည်းမျဉ်းစည်းကမ်းတွေ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကင် တွေကြောင့် ကန့်သတ်ချက်တွေရှိပြီး တရုတ်အစိုးရကလည်း " ခွင့်ပြုပေးဖို့ အခက်အခဲရှိတယ်လို့ သိရပါတယ်။ ခွင့်ပြုမယ် ဆိုရင်လည်း ကျောင်းသားတွေကို လက်ခံတဲ့ပြည်နယ်မှာ အနည်းဆုံး ၁၄ ရက်ထားပြီး ကျန်းမာရေးစောင့်ကြည့်မှု တွေခံယူပြီးမှ ခွင့်ပြုပေးနိုင်မယ့်အခြေအနေမှာ ရှိပါတယ်။

 

ဒါကြောင့် အခြားနိုင်ငံတွေက ဆောင်ရွက်နေတဲ့အတိုင်း မြန်မာနိုင်ငံကနေ အထူးလေယာဉ်နဲ့ ဝူဟန်မြို့ကို သွားရောက်ခေါ်ယူပေးတာက ပိုပြီးထိရောက်မြန်ဆန်တဲ့ နည်းလမ်းဖြစ်လို့ အဲဒီနည်းလမ်းနဲ့ အမြန်ဆုံးခေါ်ဆောင်နိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေက အထူးလေယာဉ်နဲ့ တစ်ရက်၊ နှစ်ရက်အတွင်း ဝူဟန်မြို့ကို သွားရောက်ခေါ်ဆောင်ခွင့်ရဖို့ တရုတ်နိုင်ငံဘက်ကို ဆက်လက်မေတ္တာရပ်ခံထားပါတယ်။