ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နှင့် လက်ရှိနိုင်ငံတကာ အခြေအနေ

၂၇  ဇန်နဝါရီ

 

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ လူပေါင်း ၈၀ အထိ သေဆုံးမှုရှိခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၂၇၀ဝ ခန့်ရှိနေပြီလို့ သတင်းရရှိထားပါတယ်။ တခြားနိုင်ငံသို့ လျင်မြန်စွာ ပြန့်ပွားခြင်းမဖြစ်စေဖို့ လူသန်းပေါင်း ၆၀ ကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းကနေ ပြည်ပထွက်ခွင့် လုံးဝပိတ်ပင်ထားလိုက်ပြီလို့ တရုတ်သမ္မတကလည်း ကြေညာထားပါတယ်။

 

ဝူဟန်မြို့မှ ရောက်ရှိလာတဲ့ ခရီးသွားပြည်သူများကိုလည်း သက်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရောဂါထိန်းချုပ်ဖို့အတွက် ထိန်းသိမ်းထားလျက်ရှိပြီး တချို့သော လေကြောင်းခရီးစဉ်ကိုလည်း ဖျက်သိမ်းထားပါတယ်။ တရုတ်နိုင်ငံမှ ရောက်ရှိလာတဲ့ ခရီးသွားတိုင်းကို လေဆိပ်မှာတင် အဖျားတိုင်းတဲ့ စက်ကိရိယာဖြင့် အပူချိန်ကို တိုင်းတာစစ်ဆေးမှု ပြုလုပ်လျက်ရှိပါတယ်။

 

ကမ္ဘာအနှံ့အရ ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ တချို့သောဒေသတွေ၊ ပြင်သစ်နိုင်ငံတွေကို ပြန့်နေတယ်ဆိုတဲ့ သတင်းများထွက်ပေါ်နေပြီး အရှေ့တောင်အာရှမှာဆိုရင် တရုတ်နိုင်ငံနဲ့ နီးကပ်နေတဲ့ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်ဝမ်၊ ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကိုပါ ပြန့်နှံ့သွားခြေ မြင့်တယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရောဂါပိုးတစ်စုံတစ်ရာ ပြန့်နှံ့ခြင်းတော့ မရှိသေးပါဘူး။

 

အစပိုင်းမှာ ဝူဟန်ဗိုင်းရပ်စ် (ကိုရိုနာဗိုင်းရပ်စ် – Coronavirus) ကို လေမှတစ်ဆင့်သာ ကူးစက်နိုင်တဲ့ ရောဂါပိုး (Airborne Disease) စာရင်းထဲသာ ထည့်ထားပေမဲ့ ယခုအချိန်မှာ လူတစ်ယောက်မှ တစ်ယောက်ဆီသို့ လျင်မြန်စွာ ကူးစက်နိုင်တယ်ဆိုတာကို တွေ့ရပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာရှိလား။

 

ဟိုတလောတုန်းက လေဆိပ်ကို ဝူဟန်မှ ခရီးသည်များ ဆိုက်ရောက်လာတာနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေ အများစု စိတ်လက်မအေးဖြစ်ခဲ့ရတယ်ဆိုပေမဲ့ စစ်ဆေးကြည့်ရသလောက် ရောဂါပိုး ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ကျန်းမာရေးဌာနက ပြောထားပါတယ်။ ဒါ့အပြင် လက်ရှိအချိန်ထိ ကူးစက်ခံရတဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံ မပါဝင်သေးတဲ့အတွက် အရမ်းကြီးစိုးရိမ်ကြောင့်ကြတာမျိုးထက် ကိုယ့်ဘက်က လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေကိုတော့ ပြုလုပ်ထားနိုင်ရင် အကောင်းဆုံးပါပဲ။

 

အဓိက ပြင်ဆင်ထားဖို့ လိုတာကတော့

 

၁။ စိတ်ကို အေးအေးထားပါ။ လက်ရှိမှာ မြန်မာနိုင်ငံအတွင်းသို့ ပျံ့နှံ့ခြင်း မရှိသေးပါဘူး။ ကူးစက်ခံရသူလို့ သံသယရှိတယ်လို့ သတင်းထွက်နေတယ်ဆိုပေမယ့် အရမ်းကြီး ထိတ်လန့်တုန်လှုပ် ရလောက်တဲ့အထိ မဆိုးရွားသေးပါဘူး။ တွေ့သမျှ သတင်းအမှားတွေကို အရမ်းကြီးမယုံဖို့ ပြည်သူလူထုကို ထပ်ပြီးမှာကြားချင်ပါတယ်။

 

၂။ ကိုယ်ခံအားကို ကောင်းအောင်လုပ်ပါ။ ကိုယ်ခံအားကောင်းနေရင် ရောဂါပိုးဘယ်လောက်ဝင်ဝင် ကိုယ်ခန္ဓာက တိုက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့အတွက် အစာအာဟာရကို မျှတစွာ စားပေးဖို့၊ အိပ်ချိန်ကို တစ်နေ့ ၇ နာရီအနည်းဆုံးရှိဖို့၊ ရေများများသောက်ပေးဖို့၊ ကိုယ်လက်လေကျင့်ခန်းတွေ နေ့စဉ်လုပ်ပေးဖို့ လိုပါတယ်။

 

၃။ ဘယ်အရာဝတ္ထုကိုမဆို ကိုင်ပြီးတာနဲ့ လက်ကိုဆေးပါ။ ဝူဟန်ဗိုင်းရပ်စ်မှ မဟုတ်ဘဲ တခြားရောဂါပိုး ပေါင်းစုံက လက်ကနေ ကိုယ်ခန္ဓာကို ကူးစက်နိုင်တာပါ။ ဒါကြောင့် လက်ကို အမြဲတမ်းလိုလို ဆေးပေးပါ။ လက်ဆေးလို့ မရတဲ့နေရာမှာ ရောက်နေတယ်ဆိုရင် ရေမလို လက်သန့်စင်ဆေးရည် (Hand Sanitizer) တွေကို ဆောင်ထားပြီး အမြဲလိုလို ထုတ်ဆေးပါ။

 

၄။ ရေကို နာရီဝက်ခြားတစ်ခါ သောက်ပေးပါ။ ရေမဆာဘူးရင်တောင် အာစွတ်ရုံလောက် သောက်ပေးပါ။ အဓိက လည်ချောင်းခြောက်မနေဖို့ပါပဲ။ လည်ချောင်းက ခြောက်နေတဲ့အခါ ပြင်ပက ဝင်လာတဲ့ရောဂါပိုးတွေက လည်ချောင်းမှာ ကပ်ငြိနေပြီး ပိုးတွေပွားလာဖို့ ပိုမြန်နိုင်ပါတယ်။

 

၅။ Mask ကို အမြဲတပ်ထားပါ။ Mask လို့ဆိုရာမှာ ခွဲစိတ်ခန်းသုံး Facial Mask တွေကသာ ပြင်ပက ရောဂါပိုးတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

 

၆။ အားဆေးအနေနဲ့ ဗီတာမင် စီ အားဆေးတွေကို တစ်နေ့ တစ်လုံး (ပုံမှန်အားဖြင့် 500mg အားပါဝင်မှု) သောက်ပေးရင် လုံလောက်ပါတယ်။

 

၇။ အိမ်မှာ စားနပ်ရိက္ခာတွေကို ကြိုတင်လှောင်ထားပါ စည်သွပ်ဘူး၊ ဆန်၊ ဆီ၊ ဆား၊ သကြား အစရှိတဲ့ တာရှည်ခံအစားအစာတွေကို နည်းနည်းစီ ဝယ်ထားနိုင်ရင် ပိုကောင်းပါတယ်။

 

၈။ လူစုလူဝေးနေရာ သွားတာမျိုး တတ်နိုင်သလောက်ရှောင်ပါ။

 

၉။ အစားအစာတွေကို ချက်တဲ့အခါ လုံးဝကျက်တဲ့အထိ မီးပြင်းပြင်းနဲ့ ချက်ပြုတ်ပေးပါ။ အသားစိမ်း၊ ငါးစိမ်း၊ စားရန်မသင့်တော်တဲ့ အသားတွေ လျှောက်စားတာမျိုးကို လုံးဝရှောင်ကြဉ်ပါ။

 

ဇန်နဝါရီလ ၂၇ ရက် ၂၀၂၀ ခုနှစ် CNN သတင်းဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါအခြေအနေ အရေးပေါ် သတင်းဖြစ်ပါတယ်။

 

ရေးသားသူ Ye Myo Myat

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”