ဝါးတန်း-ဒလ(ယာဉ်ကူးတို့)ကို အချိန်တိုးမြှင့်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေ

ဒလ  ၂၄  အောက်တိုဘာ

 

ဝါးတန်း-ဒလ(ယာဉ်ကူးတို့)ပြေးဆွဲချိန်ကို အချိန်တိုးမြှင့်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သယ်ယူပို့ဆောင်ရေးဌာန ဌာနမှူးဉီးဝင်းကိုအောင်က ပြောကြားသည်။

 

“လိုသလောက်ဆွဲပေးဖို့ ရည်မှန်းချက်ရှိပါတယ်။ အခုဆိုပွင့်လင်းရာသီရောက်ပြီ၊ လှိုင်းနဲ့လေနဲ့လျော့သွားပြီ၊ ညပိုင်းမြင်ကွင်းကန့်သတ်ချက်တော့ ရှိပေမယ့် လိုအပ်တဲ့ ကမ်းထိုးမီး၊ ရေပေါ်မီး အဆင်ပြေအောင် ကြိုးစားနေပါတယ်။ အဆင်ပြေခဲ့ရင် ညကိုအချိန်တိုးပြီး ပြေးဆွဲပေးဖို့ အစီအစဉ်ရှိပါတယ်။ ပြည်သူအချို့က ၉ နာရီလောက်အထိ မပြေးနိုင်ဘူးလားလို့ တောင်းဆိုတာရှိပါတယ်။ ရန်ကုန်မှာဈေးလာဝယ်တာတို့ အကြောင်းကိစ္စ အမျိုးမျိုးနဲ့ လာကြသူတွေက ၈ နာရီ၊ ၉ နာရီလောက်ဆို ဇက်မရှိတော့လို့ လှိုင်သာယာဘက်က ပတ်ပြန်ကြရပေါ့။ ဒီနေရာက သင်္ဘောကြီးတွေ ဖြတ်သန်းသွားလာမှု အများဆုံးနေရာဖြစ်နေတဲ့အတွက် ယာဉ်အန္တရာယ် လူအန္တရာယ်မဖြစ်အောင် ဉီးစားပေး စဉ်စားနေပါတယ်” ဟုသယ်ယူပို့ဆောင်ရေးဌာန ဌာနမှူး ဉီးဝင်းကိုအောင် က ပြောကြားသည်။

 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန အနေဖြင့်ဝါးတန်း-ဒလ(ယာဉ်ကူးတို့)ပြေးဆွဲမှုကို ယခင်က တစ်ရက် လျင် ၉ ခေါက်(ယာဉ်အစင်းရေ ၂၆၀-၂၇၀) သာ ပြေးဆွဲပေးခဲ့ရာမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းမှုကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းသည့် အနေဖြင့် ခေါက်ရေ ၁၅ ခေါက်အထိ တိုးချဲ့ပြေးဆွဲပေးခဲ့သည်။

 

1

 

ထိုသို့ ခေါက်ရေတိုးချဲ့ပြေးဆွဲနိုင်မှုကြောင့် ယာဉ်အစင်းရေ ၆၅၀ မှ ၇၀ဝ အထိ ပိုမိုသယ်ယူပို့ဆောင်နိုင်ခဲ့သည်။ ယခုသီတင်းကျွတ်ကာလတွင် ပြည်သူများ အသွားအလာ များပြားခဲ့သဖြင့် ၁၉ ခေါက်အထိ စံချိန်တင်ပြေးဆွဲပေးခဲ့ရကြောင်း သိရသည်။

 

ဝါးတန်း-ဒလ(ယာဉ်ကူးတို့)ဇက်ရေယာဉ်များမှာ ရိုရို ၂, ၃, ၄ ဟူ၍ဖြစ်ပြီး ဇက်ရေယာဉ်တစ်စင်းလျင် ကုန်တန် ချိန် ၂၀ဝ အထိ တင်ဆောင်နိုင်ကြောင်း သိရသည်။

 

ဇက်ရေယာဉ်တစ်စင်းတွင် ယာဉ်ငယ် ၂၄ စင်း (သို့) ကုန်ကားငယ်များ အပါအဝင် ယာဉ်အစင်းရေ ၁၆ စင်းမှ ၁၈ စင်းအထိ တင်ဆောင်နိုင်ကြောင်း သိရသည်။ နေ့စဉ်နံနက် ၅ နာရီမှ ည ၇ နာရီအထိ သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ယာဉ်ငယ်တစ်စင်းလျင် ၂၅၀ဝ ကျပ်မှ ၃၀ဝ၀ ကျပ်အထိ လည်းကောင်း၊ ကုန်တင်ယာဉ်များမှာ ကုန်တန်ချိန်အလိုက် ၄၀ဝ၀ ကျပ်မှ ၈၀ဝ၀ ကျပ်အထိသတ်မှတ်ထားကြောင်း သိရသည်။ ကားကူးဇက်ရေယာဉ် ၃ စင်းအနက် ၂ စင်းကို ခေါက်ပြန်ပြေးဆွဲလျက်ရှိပြီး ၁ စင်းကိုမူ အရန်အဖြစ် ထားရှိကြောင်း သိရသည်။

 

ထို့ပြင် ဇက်ရေယာဉ်သစ်တစ်စင်းကိုလည်း ထပ်မံတည်ဆောက်လျက်ရှိပြီး မကြာမီ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်ပေးနိုင်သော ဝါးတန်း-ဒလ(ယာဉ်ကူးတို့)ဆိပ်ကို ရန်ကုန်ဘက်အခြမ်းတွင် ဟုမ်းလမ်းမှတ်တိုင်အနီးမှလည်းကောင်း၊ အလုံမြို့နယ် ထော်လီကွေ့အနီးမှ လည်းကောင်း ဝင်ရောက်နိုင်ပြီး ကီလီမှတ်တိုင်နေရာတွင် ကူးတို့ကြော်ငြာဆိုင်း ဘုတ်ကို တွေ့မြင်ရမည်ဖြစ်ပြီး ဆိပ်ကမ်းအတွင်း ဝင်ရောက်ပါက ကူးတို့ဧရိယာသို့ ရောက်ရှိမည်ဖြစ်သည်။

 

ထို့အတူ မြို့လယ်ခေါင် လင်းစဒေါင်း၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ပန်းဆိုးတန်းလမ်းတည့်တည့် ကွန်ကရစ် လမ်းအတိုင်း ညာဘက်သို့မောင်းနှင်လာပါက လမ်းမတော်မှတ်တိုင်နေရာတွင် ကူးတို့ဆိပ်အတွင်းသို့ ဝင်ရောက်နိုင်ကြောင်း သိရသည်။ ခရီးသွားပြည်သူများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းမှု မရှိစေရေးအတွက်ကားကူး ကူးတို့ဇက်ရေယာဉ်များကို ချ၊ တင်၊ ထွက် စနစ်ဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝါးတန်း-ဒလ ခရီးစဉ်ကို ရေဆန်တွင် မိနစ် ၃၀ ဖြင့်လည်းကောင်း၊ ရေစုန်တွင် မိနစ် ၂၀ ဖြင့်လည်းကောင်း၊ မော်တော်ယာဉ်များကို အတင် ၅ မိနစ်၊ အချ ၅ မိနစ်ဖြင့်ပြည်သူများ စောင့်ဆိုင်းချိန်နည်းပါးအောင် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဒလမြို့နယ်ဘက်ကမ်းမှနေ၍ တွံတေးမြို့ အပါအဝင် ဧရာဝတီတိုင်းဒေသကြီး၏ မြို့များဖြစ်သော မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ မော်ကျွန်းအစရှိသော မြို့များသို့ အချိန်တိုအတွင်း သွားရောက်နိုင်ကြောင်း သိရသည်။

 

ရန်ကုန်-ဒလ တံတား စီမံကိန်းပြီးစီးပါက ဇက်ရေယာဉ်များမှာ ပိတ်သိမ်းရမည်ဖြစ်ပြီး အခြားသောကူးတို့လမ်း ရှိသည့်နေရာများနှင့် စီမံကိန်းလုပ်ငန်းများတွင် ပြောင်းလဲအသုံးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွှန့်