ဝါးထရံရက်လုပ်ရောင်းချသူများ ဝင်ငွေကောင်းရရှိ၍ အဆင်ပြေလျက်ရှိ

တံတားဦး ၁၁ ဇွန်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ လူအသုံးအဆောင် တစ်ခုအပါဝင် အိမ်များဆောက်လုပ်ရာတွင် အသုံးပြုကြသည့် ဝါးဖြင့်ရက်လုပ်ရောင်းချသော လုပ်ငန်းများ ဝင်ငွေကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

“ဝါးများကို စစ်ကိုင်းမြို့နှင့် အမရပူ ရွှေကြက်ယက်တို့မှ ဝါးတစ်ရာစည်း (၁)စွပ်ကို ငွေကျပ် ၅၀၀၀၀ ဖြင့် ဝယ်ယူကာ ဝါးဖြူ၊ မျှင်ဝါး၊ ထရံရက်လုပ်ရန်ဝါးနှင့် ထွန်ဆံဝါးတို့ရောင်းချပါတယ်။ ဝါးထရံ ရက်လုပ်ခမှာ တစ်တောင်-လေးတောင် တစ်ချပ်ကို ငွေကျပ် ၂၀၀၀ ရပါတယ်။ လေးတောင်ပတ်လည် တစ်ချပ်ကို ၇၀၀၀ ကျပ်ရရှိပြီး ဝယ်ယူသူတွေအတွက် အဆင်ပြေအောင် လိုချင်တဲ့အတိုင်းအတာကို ရက်လုပ်ပေးရပါတယ်။ အနည်းဆုံး တစ်လကိုဝါးထရံ အချပ်နှစ်ဆယ်လောက် ရက်လုပ်ရတယ်၊ ဝါးထရံရက်လုပ်ခ ဝင်ငွေအနေနဲ့ အတိအကျမရှိပါဘူး။ တစ်လကို ပုံမှန် တစ်သိန်းခွဲလောက် ရပါတယ်”ဟု ဝါးထရံရက်လုပ်သူ ဦးဝင်းနိုင်ထံမှ သိရသည်။

 

အဆိုပါလုပ်ငန်းတွင် မြင့်မိုရ်ထရံ၊ ဝန်းထရံ၊ အခန်းစည်းထရံ၊ အဆောက်အဦကာထရံ၊ မျက်နှာကြပ်ထရံတို့ ရက်လုပ်ရောင်းချပါကြောင်း၊ ဈေးနှုန်းကတော့ ဝန်းထရံတစ်ချပ်ကို ကျပ် ၈၀၀၀ မှ ၁၀၅၀၀၊ လှည်းကပ်ကြမ်းတစ်ချပ်ကို ကျပ် ၂၀၀၀၊ အခြားထရံများကတော့ အထူတစ်ပေကို ကျပ် ၁၈၀ နှင့် အပါးတစ်ပေကို ကျပ် ၁၃၀ ဖြင့် ရောင်းရပါကြောင်း၊ ဝါးများရောင်းချရာတွင် ထရံရက်ဝါးတစ်လုံးကို ကျပ် ၇၀၀၊ မျှင်ဝါးတစ်လုံးကို ကျပ် ၆၀၀ ဖြင့် ရောင်းချရပါကြောင်း တံတားဦးမြို့ အောင်သရဖူ ဝါးနှင့် ဝါးထရံ အရောင်းဆိုင်မှ သိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)