ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် အစ္စရေး သမ္မတအိမ်တော်ကို ခေတ္တပိတ်ထားရ

တဲလ်အဗစ် ၁၆ ဇွန်

 

ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အစ္စရေးသမ္မတ ရီဗန်ရိဗ်လင်၏ အိမ်တော်ကို ခေတ္တပိတ်ထား လိုက်ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြကြသည်။

 

ဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် သမ္မတအိမ်တော်ရှိ ရုံးခန်းအားလုံးကို ပိုးသတ်ဆေးဖျန်းခဲ့ကြောင်း သမ္မတ ရိဗ်လင်က တွစ်တာပို့စ်မှတစ်ဆင့် အတည်ပြုခဲ့သည်။

 

“သမ္မတရဲ့ရုံးခန်းကို သန့်ရှင်းရေးပြုလုပ်ခဲ့ပြီး သမ္မတအနေနဲ့ မနက်ဖြန်မှာ အဲဒီရုံးခန်းကနေအလုပ် ပြန်စတင်မှာဖြစ်ပါတယ်” ဟု တွစ်တာတွင် ဖော်ပြထားသည်။ သမ္မတ ရိဗ်လင်ကို သီးသန့်ခွဲနေရန် တောင်းဆိုခဲ့ခြင်းမရှိကြောင်း အစ္စရေးတူဒေးသတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည့် ဝန်ထမ်းမှာ အစ္စရေးသမ္မတနှင့် အနီးကပ်ဆောင်ရွက်ရသည့်ဌာနမှ မဟုတ်ကြောင်း သမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ ဒေသန္တရမီဒီယာများက ဖော်ပြခဲ့သည်။


အစ္စရေးဝန်ကြီးချုပ်ရုံး၏ ပြင်ပအစောင့်သုံးဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ဇွန် ၁၃ ရက်တွင် ကြေညာခဲ့သည်။ အစ္စရေးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၂ ဦး တွေ့ရှိခဲ့ရာ ပိုးတွေ့လူနာစုစုပေါင်း ၁၉၀၀၈ ဦးနှင့် သေဆုံးသူ ၃၀၀ အထိ ရှိလာခဲ့ပြီဖြစ်သည်။

 

ကိုးကား-ယာနီ ဆာဖတ်ခ်


ဘာသာပြန်-ကျော်ထိုက်စိုး