ဝန်းသိုမြို့နယ်တွင်  ကိုဗစ် -၁၉ ရောဂါပိုး လူနာသစ် လေးဦး ထပ်မံတွေ့ရှိပြီး တစ်ဦးသေဆုံး

ဝန်းသို  ဇူလိုင်   ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်တိုက်နယ်ဆေးရုံတွင် ဇူလိုင် ၁၇ ရက်က အမျိုးသား ငါးဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၂ ဦးကို ကိုဗစ်ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးရာ  ဂျိုးတောင်အုပ်စု၊ သင်တောကျေးရွာမှ လေးဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

အတည်ပြုလူနာ လေးဦးအား  ဂျိုးတောင်တိုက်နယ်ဆေးရုံ သီးသန့်လူနာကုသဆောင်တွင် ထားရှိ၍ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဆေးကုသပေးလျက်ရှိပြီး ယင်းလူနာများနှင့် ထိတွေ့သူများအား Home Quarantine ထားရှိကြောင်း သိရသည်။

 

ဝန်းသိုမြို့နယ်တွင် လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၆၁ ဦးရှိပြီဖြစ်ပြီး  ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်၌ ဆေးကုသခံယူလျက်ရှိသည့်  စက်ဝင်း -၂ ရပ်မှ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူ  ကိုဗစ်လူနာ တစ်ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။

 

ကျော်မြိုင်