ဝန်းသိုမြို့နယ်တွင် Cash For Work စီမံကိန်းကျေးရွာ ၉ ရွာနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း‌ကျေးရွာ ၆ ရွာဆောင်ရွက်ရန် ရွေးချယ်ထားရှိ

ဝန်းသို  ၂၄  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒေါင်းမြူးခန်းမတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည် Cash For Work စီမံကိန်းနှင့် (Village Revolving Fund Project) ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအတွက် ကျေးရွာရွေးချယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် Cash For Work စီမံကိန်းဆောင်ရွက်ရန် ပဏမလျာထား ကျေးရွာ ၉ ရွာကိုလည်းကောင်း၊ ကျေးရွာမတည်ရန်ပုံ‌ငွေစီမံကိန်း (Village Revolving Fund Project)ဖြင့် ဆောင်ရွက်ရန် ကျေးရွာ ၆ ရွာတို့ကိုလည်းကောင်း၊ Multi-Dimensional Disadvantage Index(MDI) အညွှန်းကိန်းများ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ အကျိုးဆက်များကြောင့် အလုပ်အကိုင်နှင့် ဝင်ငွေဆုံးရှုံးမှုရှိသော အလုပ်သမားအရေအတွက်များသော ကျေးရွာ၊ နေရပ်ပြန်နှင့် ရွှေ့ပြောင်းလုပ်သားများသော ကျေးရွာများ စသည့်အချက်များကို အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေး ရွေးချယ်ပေးခဲ့ကြသည်။

 

ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းကို ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခ ထောက်ပံ့ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေရရှိစေရန်ရည်ရွယ်၍လည်းကောင်း၊ (Village Revolving Fund Project) ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လုပ်ကွက်ငယ် တောင်သူများနှင့် ဆင်းရဲနွမ်းပါးသူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများအတွက် လိုအပ်သောသွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများရရှိစေရန် ရည်ရွယ်၍လည်းကောင်း ယခုလို စီမံကိန်းများကို အကောင်းအထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

ကျော်မြိုင်(ပြန်/ဆက်)