ဝန်းသိုမြို့နယ် မြောက်ရွာကျေးရွာ၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး   

ဝန်းသို၊  ၁၈  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် မြောက်ရွာကျေးရွာ၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်း 11KV လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် တပ်ဆင်ပြီးဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ  သိရသည်။

 

အဆိုပါ လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြစ်သော သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေ (၂)သိန်းငါးထောင် ဖြင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး “မြောက်ရွာကျေးရွာတွင် လျှပ်စစ်မီးရရှိနေပြီ ဖြစ်သော်လည်း ယခင်က ရွာမကျေးရွာနှင့် မြောက်ရွာ ကျေးရွာ(၂)ရွာပေါင်း၍ Transformer တစ်လုံးထဲကိုသာ အသုံပြုနေရ၍ ဝန်အားနိုင်နင်းမှုမရှိခြင်း၊ ဓာတ်အားလုံလောက်စွာမရရှိခြင်း အမြဲကြုံတွေ့ နေရကြောင်း၊ ရွာမကျေးရွာတွင် Transformer အသစ် တစ်လုံး ရရှိပြီဖြစ်၍ Transformer အဟောင်းကို မြောက်ရွာကျေးရွာ၌  ပြောင်းရွေ့တပ်ဆင်ခြင်းပြီး 11KV လိုင်းအသစ်သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း’” ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးရန်နိုင်က ရှင်းပြသည်။

 

ယခုအခါ မြောက်ရွာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် လျှပ်စစ်မီးလင်းရေးလုပ်ငန်း 11KV လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှာ ရာနုန်းပြည့်တပ်ဆင်ပြီးဖြစ်ကြောင်း၊ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးပါက အိမ်ခြေ (၁၂၃)အိမ်၊ လူဦးရေ (၇၃၁)ဦးအတွက် လျှပ်စစ်မီးအပြည့်အဝ ခံစားရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မွှေးကြူဇင်