ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရုပ်တုနေရာတွင် ရင်ပြင်တော်နှင့် ပန်းခြံများ ဆက်လက်ပြုလုပ် လျက်ရှိ

ဝန်းသို  ၆  နိုဝင်ဘာ

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်း မြို့ထွက်လမ်းဘေးတွင် စော်ဘွားကြီးဦးအောင်မြတ် ရုပ်တုသစ်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ နောက်ဆုံးပတ်တွင်  တည်ထားပြီးစီးခဲ့ပြီး လက်ရှိအချိန်တွင်  ရပ်ဝေးရပ်နီးမှပြည်သူများ အပန်းဖြေလေ့လာ ဂုဏ်ပြုနိုင်ကြစေရန် ရုပ်တုရင်ပြင်တော်နှင့် ပန်းခြံများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

“ရုပ်တုတပ်ဆင်ခြင်းလုပ်ငန်းကို ရုပ်တုဖြစ်မြောက်ရေးကော်မတီအဖွဲ့နဲ့ ရုပ်တုပညာရှင် ဆရာစူးမြင့်သိန်းအဖွဲ့၊ ဒါကာ၊ ဒါကာမတွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါတယ်၊ အခု ရုပ်တုရင်ပြင်တော်နဲ့ လျှပ်စစ်မီးကိုလည်း တပ်ဆင်ပြီးစီးပါပြီ၊ ဆက်လက်ပြီးတော့ ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ လွယ်လင့်တကူ ဝင်ရောက်လေ့လာ အပန်းဖြေဂုဏ်ပြုနိုင်ဖို့အတွက် ပန်းခြံ၊ ရေပန်း၊ ဗိမာန်များကို ပြုလုပ်သွားမှာဖြစ်ပါတယ် “ဟု အကျိုးတော်ဆောင် မုံရွာလမ်းတံတားဆရာတော် အရှင်သူရိယက မိန့်ကြားခဲ့သည်။

 

မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ကြေးရုပ်တုအား ဝန်းသိုမြို့ မဟာမှန်ကျောင်း ကျောင်းတိုက်ရှေ့ လမ်းဆုံနေရာတွင် ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဖွင့်လှစ်တည် ထားခဲ့ပြီး ယခု အမြင့် ၁၈ ပေရှိ အင်္ဂတေဖြင့်ပြုလုပ်ထားသော စော်ဘွားကြီး ဦးအောင်မြတ်ရုပ်တု အသစ်ကို ခန့်မှန်းငွေကျပ် သိန်း ၃၅၀ ကျော်ကုန်ကျခံ၍ ဝန်းသို-ကျောက်တန်းမြို့ထွက်တွင် တည်ထားလျက်ရှိကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)

 

3.jpg