ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ အရာထမ်းများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်မှု သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းလက်မှတ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်  ၁၅   နိုဝင်ဘာ 

 

ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် နယူးဇီလန်နိုင်ငံ ဗစ်တိုးရီးယားတက္ကသိုလ်တို့ ပူးပေါင်းမှု အစီအစဉ်ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ အရာထမ်းများအတွက် အင်္ဂလိပ် စာအရည်အသွေးမြှင့်တင်မှု သင်တန်း (English Language Training for Government Officials) အမှတ်စဉ် (၂) သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန် နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဉီးစောဗယ်လင်တိုင်း က အမှာစကားပြောကြားသည်။

 

ထို့နောက် ရန်ကုန်မြို့ရှိ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr.Steve Marshall က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်း သားတစ်ဉီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်များ၊ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr.Steve Marshall နှင့်သင်တန်း နည်းပြ ဆရာ၊ ဆရာမ(၂)ဉီးတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ယင်းသင်တန်း၌ နိုင်ငံ့ဝန်ထမ်းများနှင့် ဆက်စပ်မှုရှိသည့် နိုင်ငံ့ဝန်ထမ်းပြုပြင် ပြောင်းလဲမှု ဆိုင်ရာနည်းဗျူဟာများ၊ ကောင်းမွန်သောအုပ်ချုပ်မှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် အသုံးချမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံ/ တာဝန်ယူမှု၊ဂုဏ်သိက္ခာရှိမှု၊ ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု၊ တန်းတူညီမျှအခွင့်အရေးရရှိမှု၊ ပြည်သူဗဟိုပြု ခေါင်းဆောင်မှု၊ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူယုံကြည်မှုကို တည်ဆောက်ခြင်း ဖွင့်ဆိုမှုနှင့် e-Government စသည် ဘာသာရပ်များကို အခြေခံ၍ နားထောင်မှုစွမ်းရည်၊ အပြောစွမ်းရည်၊ အဖတ်စွမ်းရည်များမှ တစ်ဆင့်ဝေါဟာရကြွယ်ဝစေရန်၊ သွက်လက်စွာ ပြောဆိုနိုင်မှုကို တိုးမြှင့်စေရန်၊ အစည်းအဝေးမှတ် တမ်းရေးသားခြင်းနှင့် အီးမေးလ်ရေး သားခြင်းတို့တွင် အင်္ဂလိပ်စာ စွမ်းရည် ပိုမိုတိုးတက်ကောင်းမွန်စေရေး၊ ခေတ်မီသင်ကြားရေး နည်းဗျူဟာများကို သုံး၍ သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ၂၀၂၀ခုနှစ်တွင် ထပ်မံဖွင့်လှစ်မည့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိ အရာ ထမ်းများအတွက် အလားတူအင်္ဂလိပ်စာအရည်အသွေးမြှင့်တင်မှုသင်တန်း (English Language Training for Government Officials) အမှတ်စဉ် (၃)သင်တန်းဝင်ခွင့် စစ်ဆေးခြင်း အစီအစဉ်ကိုလည်း နိုဝင်ဘာ ၄ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)