ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ရန်ကုန်ဘတ်(စ်)ကားလိုင်း ဝန်ဆောင်မှု (၃)နှစ် ပြည့် နှစ်ပတ်လည်နေ့ တက်ရောက်

နေပြည်တော်  ၁၆   ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  YRTA နှင့် ရန်ကုန်ဘတ်(စ်)ကားလိုင်းဝန်ဆောင်မှု YBS တို့၏ (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့၊ နံနက်(၈)နာရီတွင် တာမွေမြို့နယ်၊ Sky Star Hotel ရှိ Royal Ball Room ၌ ကျင်းပရာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာ “မိမိတို့ အစိုးရသစ် စတင်တာဝန်ယူခဲ့တဲ့ အချိန်မှာ မ.ထ.သ စနစ်ကနေ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်တဲ့ YRTA ကနေ စတင်ပြီး YBS စနစ်ကို ပြုပြင်နိုင်ခဲ့ပါတယ်။

 

ပြည်သူတစ်ရပ်လုံးက စနစ်ပြုပြင်ပြောင်းလဲရေးကို အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ခဲ့ပြီး ပြည်သူကပဲ စနစ်ကိုတွန်းပြီး ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ပေါင်းစပ်ညှိနှိုင်းပေးနိုင်တဲ့ အခြေအနေတစ်ခုလောက်ပဲ အစိုးရဘက်က၊  YRTA ဘက်က လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးက ဘတ်စ်ကားမှတ်တိုင်တွေမှာ ပြည်သူအချင်းချင်း ခရီးသွားလာမှု လွယ်ကူချောမွေ့နိုင်ဖို့ ကြိုးပမ်းအားထုတ်ခဲ့တာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှု အပေါ်မှာ ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသူများအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။” ဟု ပြောသည်။

 

ရန်ကုန်တိုင်းအတွင်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့် ပတ်သက်ပြီး မျှော်မှန်းချက်က(Transit Oriental Development)  ဖြစ်ဖို့ပဲဖြစ်ကြောင်း၊  ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းများကို ပေါင်းစည်းပေးနိုင်ဖို့နှင့် ယင်းပေါင်းစည်းသည့် နေရာများ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်ဖို့အတွက်ပဲ ဖြစ်ကြောင်း၊ ပြည်သူလူထုနေထိုင်သည့် နေရာအများစုသည် လွယ်ကူချောမွေ့ပြီး သွားလာရေး အဆင်ပြေနိုင်သည့် အနေအထားဖြစ်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ မိမိတို့ ရရှိခဲသည့်အခြေအနေများ အပေါ်မှာ မှန်မှန်ကန်ကန် သုံးသပ်ပြီး ရှေ့ဆက်ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး၊ YRTA ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က YRTA နှင့် YBS (၃)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 

mdn

 

ယင်းနောက် ၂၀၁၉ ခုနှစ်အတွင်း YBS စွမ်းဆောင်ရည် အကောင်းဆုံးဆု ရရှိသူများအား ဆုချီးမြှင့် ပေးအပ်ခဲ့သည်။

 

ဆန်းကျော်ဉီး(ပြန် /ဆက်)