ဝန်ကြီးချုပ် ဦးဝင်းသိန်း သီတဂူ အမျိုးသမီးအသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းနှင့် ဝိသာခါပရဟိတ သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ပဲခူး ၂၇ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရေတာရှည်မြို့ အမှတ်(၆)ရပ်ကွက် (ရွှေကြက်ယက်)ရှိ သီတဂူကျောင်းတိုက်တွင် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက သီတဂူ အမျိုးသမီးအသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းနှင့် ဝိသာခါပရဟိတ သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

 

အဆိုပါအခမ်းအနားသို့ တောင်ငူမြို့ သီတာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်၊ သီတဂူအရှင်တိက္ခသာရဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ သီတဂူ အမျိုးသမီးအသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းနှင့် ဝိသာခါပရဟိတ သင်တန်းကျောင်းအား တောင်ငူမြို့ သီတာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမျိုးသမီး အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း၊ ကျောင်းတံခါးကို အမွှေးနံ့သာရည်များပက်ဖျန်းကာ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းရှိ ကွန်ပျူတာနှင့် စက်ချုပ်သင်တန်းဆောင်များကို လှည့်လည်ကြည့်ရှုကြသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်၊ သီတဂူအရှင်တိက္ခသာရထံမှ အနုမောဒနာတရားနာယူပြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကြသည်။

 

အဆိုပါ သီတဂူ အမျိုးသမီးအသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းသည် ရေတာရှည်မြို့တွင် ဖွင့်လှစ်ထားရှိပြီး ကွန်ပျူတာဘာသာရပ်၊ စက်ချုပ်ဘာသာရပ်နှင့် စာရင်းအင်းပညာရပ်များကို သင်တန်းအပတ်စဉ်တစ်ခုလျှင် ဘွဲ့ရအမျိုးသမီး (၂၀)၊ ဘွဲ့မရရှိသေးသည့် အမျိုးသမီး (၂၀) စုစုပေါင်း (၄၀)တို့ဖြင့် သင်တန်းကာလ (၆)လကြာ နေထိုင်စားသောက်စရိတ်ငြိမ်းဖြင့် စာတွေ့လက်တွေ့ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)