ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မြစ်ကြီးနားမြို့နယ်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး 

မြစ်ကြီးနား  ၃  နိုဝင်ဘာ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နန့်ခမ်း၊ မလိခ၊ ပြည်ထောင်၊ နန်းကွေ့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန့်ကွေ့ကျေးရွာအုပ်စု၊ နန့်ခမ်းကျေးရွာ၌ ရွာတွင်းဝင်ရောက် သည့် အဓိကလမ်းမကြီး ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး၊ လျှပ်စစ်မီးသွယ်တန်းပေးနိုင်‌ရေးအတွက် ကျေးရွာ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပြီး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မလိခကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ ရပ်ဖများနှင့် တွေ့ဆုံပြီး‌ ကျေးရွာအခြေခံပညာကျောင်း တိုးချဲ့စာသင်ဆောင်သစ်ရရှိရေး၊ အားကစားကွင်းရရှိရေး၊ သုဿန်သွားလမ်း ခင်းကျင်းပေးနိုင်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းပေးနိုင်ရေးနှင့် ကျေးရွာအုပ်စု ပြောင်းလဲ သတ်မှတ်ရေးတို့နှင့်ပတ်သက်၍ တင်ပြတောင်းဆိုမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ချက်ချင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး တစ်ချို့လုပ်ငန်း များကို စီမံကိန်းလုပ်ငန်းများတွင် ထည့်သွင်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ကဏ္ဍအလိုက် ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်‌ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်ကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ပြည်ထောင်-မလိခကျေးရွာချင်းဆက်လမ်း ခင်းကျင်းပေးနိုင်ရေး၊ ကျေးလက်ကျန်းမာရေးဌာနခွဲရရှိရေး၊ ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးနိုင် ရေးအတွက် ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နန်းကွေ့ကျေးရွာ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရေွးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် ထွန်းတောက်စာကြည့်တိုက်နှင့် အခြေခံပညာ အလယ်တန်းကျောင်းအတွင်း မဲရုံများ ဖွင့်လှစ်ထားရှိမှုကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ စံလုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန်းကွေ့မှ မြစ်ကြီးနားမြို့သို့ ဆက်သွယ်ထားသည့် လမ်းခင်းပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(ပြည်နယ် ပြန်/ဆက်)