ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး

ခိုင်ကမ်း ၁၁ မေ        

      

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ အမှတ် (၃) ရပ်ကွက်တွင် မေလ ၁၀ ရက်နေ့က ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးလှမျိုး ဦးဆောင်ကာ အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦဂင့်ခန့်ဒို၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ပုမ့်၊ သားဖွားဆရာမ ဒေါ်လန့်ငိုက်ဟွဲနှင့် ကျန်းမာရေးအထောက်အကူပြုကော်မတီမှ ဦးစိန်ဒိတ်ဟိန်တို့ ပါဝင်ကြပြီး ရပ်ကွက်အတွင်း၌ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် အိမ်သာသုံးစွဲမှုရှိ၊ မရှိနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးကာ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေး (abate) ခတ်ခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခိုင်ကမ်းမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမနှင့် ဝန်ထမ်းများသည် အမှတ် (၁) နှင့် အမှတ်(၂) ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေးပြီးနောက် အမှတ် (၃) ရပ်ကွက်တွင် ယခုလို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး ခိုင်ကမ်းမြို့ တစ်မြို့လုံးရှိ ရပ်ကွက်များအတွင်းသို့ ဆက်တိုက်ကွင်းဆင်း သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ကမ်းမြို့ (ပြန် / ဆက်)