ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား……….

လူတိုင်းလိုလိုမှာဖြစ်နေတဲ့ အရေပြားပြဿနာ တစ်ရပ်ရှိနေပါတယ်။ ဒါကတော့ ဝက်ခြံပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံပျောက်ချင်လို့ ဝက်ခြံပျောက်နည်းဆိုတိုင်း လိုက်လုပ်နေပေမယ့် မပျောက်တာကြောင့် စိတ်ပျက်နေသူတွေရှိလား၊ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါနော်။


ဝက်ခြံအမျိုးအစားတွေကဘာတွေလဲ…………..


ဝက်ခြံက အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစား ကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။


Whiteheads ဝက်ခြံ – အရေပြားအောက်ဘက်မှာ ရှိနေတတ်ပြီး အရမ်းမကြီးတဲ့ ဝက်ခြံအမျိုးအစားပါ။ ညှစ်လိုက်တဲ့အခါ အဖြူရောင် အနှစ်လေးတွေ ထွက်တတ်ပါတယ်။ နှာခေါင်းဘေးတဝိုက်နဲ့ မေးစေ့မှာ အဖြစ်များပါတယ်။


Blackheads (ဆားဝက်ခြံ) – အရေပြားပေါ်မှာ ခပ်မဲမဲအရောင်နဲ့ မြင်သာပါတယ်။ နှာခေါင်းနဲ့ T- Zone မှာ အဓိကပေါက်တတ်ကြပါတယ်။ Papules ဝက်ခြံ – သေးငယ်ပြီး အရောင်က ပန်းရောင်ခပ်သန်းသန်းဖုလေးတွေပါ။ အရေပြားပေါ်မှာ မြင်သာပါတယ်။


Pustules ဝက်ခြံ – အရေပြားပေါ်မှာ သိသာထင်ရှားတဲ့ ဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုးစုစုလေးရှိနေတတ်ပါတယ်။


Nodules ဝက်ခြံ –  ဝက်ခြံတွေထဲမှာမှ တော်တော်လေးကြီးတဲ့ ဝက်ခြံမျိုးပါ။ ကြီးမားပြီး အစိုင်အခဲကြီးသလို အရေပြားထဲမှာ စူးစူးနစ်နစ်တွယ်ဆက်နေကြပါတယ်။ ထိလိုက်ရင်ကို နာနေတတ်ပါတယ်။


Cysts ဝက်ခြံ – အရေပြားပေါ်မှာ မြင်သာတဲ့ ဝက်ခြံမျိုးပါ။ နာကျင်နီရဲနေတတ်ပြီး ဝက်ခြံတစ်ခုလုံးက ပြည်တွေနဲ့ ပြည့်နေတတ်ကြပါတယ်။ အမာရွတ်ကျန်နိုင်ခြေအများဆုံး ဝက်ခြံအမျိုးအစားပါ။


ဝက်ခြံအမျိုးအစားအလိုက် ကုထုံးကွာခြားသလား……….


ဝက်ခြံအမျိုးအစားအလိုက် ကုထုံးကလည်း ကွာခြားနိုင်ပါတယ်။


Whiteheads ဝက်ခြံအတွက် ကုထုံး – တစ်နေ့ကို မျက်နှာကို ၂ ကြိမ်ကနေ ၄ ကြိမ်အထိသန့်စင်ပေးပါ။ မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားနိုင်ဖို့အတွက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်က ဝက်ခြံရှိတဲ့နေရာတွေကို မုန့်ဖုတ်ဆော်ဒါကို ခပ်ပျစ်ပျစ်ဖျော်ထားတဲ့အနှစ်လေးလိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီး ရေစင်အောင်ဆေးချပေးပါ။


Blackheads (ဆားဝက်ခြံ)အတွက် ကုထုံး – ရေနွေးငွေ့ခံပေးပါ။ စက်ဝိုင်းပုံစံအတိုင်းနှိပ်နယ်ပေးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးပါ။ အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။


Papules ဝက်ခြံအတွက် ကုထုံး – ဒီဝက်ခြံအမျိုးအစားအတွက် ခရမ်းချဉ်သီးက အဆင်အပြေဆုံးပါ။ မျက်နှာကို သန့်စင်ပြီး ရေခြောက်အောင်သုတ်ပေးပါ။ ပြီးရင် မျက်နှာကိုခရမ်းချဉ်သီးအရည်လေးတွေ လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။


Pustules ဝက်ခြံအတွက် ကုထုံး – ရှားစောင်းလက်ပပ်ကိုအသုံးပြုပေးပါ။ ညအိပ်ရာမဝင်ခင် မျက်နှာကို သန့်စင်နေအောင်သစ်ပြီး ရှားစောင်းလက်ပပ်လိမ်းလို့ အိပ်ပေးပါ။ မနက်နိုးတဲ့အခါ မျက်နှာသစ်ချလိုက်ပါ။


Nodules ဝက်ခြံအတွက် ကုထုံး – ဝက်ခြံပေါ်မှာ benzoyl peroxide ဒါမှမဟုတ် salicylic acid ကိုသုံးပေးပါ။ အဆီတွေကို သိသိသာသာလျော့ပါးစေမှာပါ။


Cysts ဝက်ခြံအတွက် ကုထုံး – ဒီဝက်ခြံကတော့ အိမ်တွင်းကုထုံးထက် တတ်သိနားလည်တဲ့အရေပြားဆရာဝန်တွေနဲ့ပြသကြည့်တာ အကောင်းဆုံးဖြစ်မှာပါ။


ကဲ…ကိုယ့်ဝက်ခြံအမျိုးအစားကို အရင်ဆုံးသိအောင်လုပ်လို့ ကိုက်ညီတဲ့ကုထုံးလေးနဲ့ ဝက်ခြံသက်သာအောင်ဂရုစိုက်လိုက်ပါနော် Helloဆရာဝန် ပရိသတ်ကြီးရေ……………….


ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”