ဝက်ခြံကို ပိုဆိုးစေနိုင်မယ့် အလေ့အထ ၈ ခု

၂၃ ဒီဇင်ဘာ

စိုပြေကျန်းမာပြီး အစက်အပြောက်ကင်းတဲ့ အသားအရေကို လူတိုင်းလိုချင်မှာပါ။ ဒါပေမယ့်လည်း ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံနဲ့ မျိုးရိုးလိုက်တာကြောင့်ဖြစ်တဲ့ ဝက်ခြံတွေထွက်တာကို ကာကွယ်တားဆီးဖို့ ဆိုတာကတော့ ခက်ပါတယ်။ သို့ပေမယ့် နေ့စဉ်လုပ်မိနေတဲ့ အလေ့အထတွေကို ပြောင်းလဲလိုက်မယ်ဆိုရင် အသားအရေပြောင်းလဲကောင်းမွန်လာပြီး ဝက်ခြံတွေကို သက်သာစေမှာပါ။ ဝက်ခြံတွေမဖြစ်အောင် ကာကွယ်ပြီး ကြည်လင်ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အသားအရေကို ထိခိုက်စေမယ့် အလေ့အထတွေကို မလုပ်မိအောင် သတိထားဖို့လိုပါလိမ့်မယ်။

အရေပြားမွှေးညှင်းပေါက်လေးတွေထဲမှာ အဆီတွေ၊ ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေ ပိတ်ဆို့တာကြောင့် ဝက်ခြံတွေဖြစ်လာရတာပါ။ အဆီပြန်တဲ့အသားအရေက ဝက်ခြံဖြစ်လွယ်တယ်။ မသိဘဲလုပ်နေမိတဲ့ အကျင့်ဆိုးတွေကလည်း ဝက်ခြံကို ပိုဆိုးစေတာပါ။

ဝက်ခြံတွေ ပိုမဆိုးလာအောင်၊ အသစ်တွေအများကြီး ထပ်မထွက်လာစေဘဲ ရှိပြီးသားဝက်ခြံတွေကို လည်း သက်သာပျောက်ကင်းစေအောင် အောက်ပါအချက်အလက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

၁။ မျက်နှာကိုခဏခဏသစ်ခြင်း

မျက်နှာကို ခဏခဏမသစ်ပါနဲ့။ အရေပြားသန့်ရှင်းနေဖို့က အရေးကြီးတယ်ဆိုပေမယ့် မျက်နှာခဏခဏ သစ်တာကတော့ အရေပြားအတွက် မကောင်းပါဘူး။ ဝက်ခြံတွေကိုတောင် ပိုဆိုးစေပါဦးမယ်။ မနက်စာစော အိပ်ယာထချိန် တစ်ခါ ညအိပ်ခါနီးတစ်ခါ မျက်နှာသစ်ပေးတာက အကောင်းဆုံးပါပဲ။

၂။ အရေပြားကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်း

အရေပြားကို ကြမ်းကြမ်းတမ်းတမ်း မပွတ်တိုက်ပါနဲ့။ အရေပြားပေါ်က ဆဲလ်သေတွေ ကွာကျအောင် ရေချိုးခန်းသုံးချေးတွန်းတဲ့အစ၊ သပွတ်အူလိုမျိုးအရာတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ ဝက်ခြံတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဝက်ခြံမထွက်စေချင်ဘူးဆိုရင် မျက်နှာကို ကြက်သီးနွေးရေကိုသုံးပြီး ညင်ညင်သာသာ သန့်စင်ပေးပါ။

၃။ချွေးတွေကို မသုတ်ဘဲထားခြင်း

မျက်နှာပေါ်ကချွေးတွေကို သုတ်ပစ်ပါ။ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးရင်ပဲဖြစ်ဖြစ် နေပူထဲ ထွက်ရင်ပဲဖြစ်ဖြစ် အရေပြားမှာ ချွေးထွက်တာမျိုးလူတိုင်းကြုံဖူးမှာပါ။ ချွေးတွေကို မသုတ်ဘဲထားရင် အရေပြားပေါ်မှာ ချွေးကအလိုလိုခြောက်သွားတယ်ဆိုပေမယ့် အသားအရေအတွက် မကောင်းပါဘူး။ ဝက်ခြံတွေထွက်လာစေနိုင်သလို ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ချွေးထွက်လာရင် ချက်ချင်းသုတ်ပါ။

၄။ ဖုန်းကိုသန့်သန့်ရှင်းရှင်း မထားခြင်း

ဖုန်းကို သန့်သန့်ရှင်းရှင်းထားပါ။ မျက်နှာမှာချွေးတွေနဲ့အဆီတွေ ထွက်တတ်ပါတယ်။ ဖုန်းပြောတဲ့အခါ မျက်နှာကချွေးတွေနဲ့ အဆီတွေက ဖုန်းမျက်နှာပြင်မှာ ပေကျံခဲ့နိုင်ပါတယ်။ ဖုန်းပြောပြီးတိုင်း ဖုန်းမျက်နှာပြင်ကို တစ်သျှူးနဲ့သုတ်ပေးတာဖြစ်ဖြစ် လုပ်ဆောင်ပေးပါ။

ဖုန်းမျက်နှာပြင်ကို မသန့်ရှင်းဘဲထားမယ်ဆိုရင် နောက်တစ်ကြိမ် ဖုန်းခေါ်တဲ့အခါ ဖုန်းမျက်နှာပြင်နဲ့ အရေပြားထပ်ပြီးထိတွေ့မိပြီး အရေပြားမှာ ဘက်တီးရီးယားကပ်ညှိစေမှာပါ။ ပါးပေါ်မှာ တစ်ချိန်လုံး ဖုန်းကို ကပ်ပြီးစကားပြောတာက ဖုန်းရဲ့ အပူချိန်ကြောင့် အရေပြားထိခိုက်စေတာ မျိုးဖြစ်နိုင်ပါတယ်။ နားကြပ်တပ်ပြီးပြောတာဖြစ်ဖြစ် ဖုန်းစပီကာဖွင့်ပြီးပြောတာမျိုးဖြစ်ဖြစ် လုပ်ဆောင်ကြည့်ပါ။

၅။ ဆံပင်သုံးအလှပြင်ပစ္စည်းတွေကို မျက်နှာအရေပြားနဲ့ထိတွေ့မိခြင်း

ဆံပင်သုံး အလှပြင်ပစ္စည်းတွေကို မျက်နှာအရေပြားနဲ့ မထိတွေ့ပါစေနဲ့။ ဆံပင်ကိုဖြောင့်စင်းလှပစေတဲ့ ဆံသားသုံးပစ္စည်းတွေကို သုံးတဲ့အခါ မျက်နှာအရေပြားကို မထိမိအောင် သတိထားပါ။ ဆံပင်သုံးတဲ့ ပစ္စည်းတွေဖြစ်တဲ့ အုန်းဆီ၊ ခေါင်းလိမ်းဆီ၊ ဆံပင်ဖျန်းတဲ့ စပရေးတွေက မျက်နှာအရေပြားပေါ် ရောက်သွားတဲ့အခါ ဝက်ခြံတွေကို ပိုဆိုးစေမှာပါ။

၆။ ဝက်ခြံကုထုံးကို ခပ်မြန်မြန်လက်လျော့ခြင်း

ဝက်ခြံပျောက်အောင်ကုသမှု ခံယူတာကို ခပ်မြန်မြန်လက်လျော့လိုက်တာ။ လူတိုင်းက ဒီနေ့ ဝက်ခြံကုထုံး ခံယူပြီးနောက်နေ့ ဝက်ခြံအရှင်းပျောက်ချင်ကြပါတယ်။ ဝက်ခြံတွေကို အမြစ်ပြတ်အောင် ကုသဖို့ဆိုရင် အချိန်တော့ပေးရပါတယ်။ ဝက်ခြံကုထုံးကို ခပ်မြန်မြန် လက်လျော့လိုက်တာက ဝက်ခြံတွေကို ပိုဆိုးစေတဲ့ အလေ့အထတစ်ခုပါပဲ။

၇။ အချို၊ အအီ၊ အဆိမ့်တွေ အလွန်အကျွံစားသုံးခြင်း

အချို၊ အဆီအအိမ့်တွေလျော့စားပါ။ ဘယ်အစားအသောက်တွေက ဝက်ခြံဖြစ်စေနိုင်တယ်လို့ သက်သေမရှိပေမယ့် ဂျုံအဖြူနဲ့လုပ်ထားတဲ့ပေါင်မုန့်၊ အာလူးကြော်၊ ကွတ်ကီးတွေနဲ့ ကိတ်မုန့်တွေက ဝက်ခြံဖြစ်စေပါတယ်။ အသင့်စားအစားအသောက်တွေကလည်း ဝက်ခြံထွက်စေတဲ့ အကြောင်းအရင်း တစ်ခုပါ။ ဝက်ခြံသက်သာချင်ရင်တော့ အချိုနဲ့ ကစီဓာတ်ပါတဲ့ အစားအစာ စားသုံးမှုကို ရှောင်ကြဉ်လိုက်ပါ။

၈။ ဝက်ခြံကိုဆိတ်ဆွခြင်း

ဝက်ခြံတွေကို မဆိတ်ဆွပါနဲ့။ ဝက်ခြံထွက်လာရင် ဆိတ်ဆွတာကို လူတိုင်းနီးပါးလောက် လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒါက ဝက်ခြံကို မသက်သာစေဘဲ ပိုလို့တောင်ဆိုးစေပါလိမ့်မယ်။ ဝက်ခြံအမာရွတ်တွေ ကျန်ခဲ့စေပါလိမ့်မယ်။ ဝက်ခြံတွေကို ညှစ်ထုတ်လိုက်ရင် သက်သာသွားမယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါက မမှန်ပါဘူး။ ပိုလို့တောင်ဆိုးသွားစေပြီး အမာရွတ်တွေထင်ကျန်ရစ်စေမှာပါ။

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”