ဝါးခယ်မမြို့နယ် ကလေးစာပေပွဲတော် ရင်တွင်းစကားသံများ

ဝါးခယ်မ   ၁၈  ဒီဇင်ဘာ   

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေး စာပေပွဲတော် (ဝါးခယ်မ)ကို တိုင်းဒေသကြီးအတွင်း (၁၂)ကြိမ်မြောက်အဖြစ် ဝါးခယ်မမြို့နယ် အ.ထ.က(၁) ကျောင်း ဝင်း အတွင်း၌ ဒီဇင်ဘာလ(၁၈)ရက်နှင့် (၁၉)ရက်နေ့များတွင် ကျင်းပလျက်ရှိပြီး ကလေးစာပေပွဲတော် ရင်တွင်းပီတိ စကားသံများအား ဖော်ပြပေးလိုက်ပါသည်။ 

 

1

 

▲ဦးဇော်မော်အောင်▲
(မြို့နယ်အုပ်ချုပ်ရေးမှူး)

ကျွန်တော်တို့ ကလေးစာပေပွဲတော်(ဝါးခယ်မ)ပွဲကို ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး တော့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ ဒီပွဲမှာ ထူးခြားတာက ကျောင်းသား၊ ကျောင်းသူတွေကော ကလေးငယ်တွေပါ တက်တက်ကြွကြွပူးပေါင်းပါဝင် တာကို တွေ့ရ တယ်။ ကျောင်းအသီးသီးတွေရဲ့ ကလေးငယ်တွေ ဖျော်ဖြေမှုတွေဟာ အပြိုင်အဆိုင်နဲ့ ပူးပေါင်းပါဝင်ကြ တယ်။ ဒါဟာလည်း ဝမ်းသာစရာတစ်ခုဖြစ်ပါတယ်။ ဖျော်ဖြေရေးအဖွဲ့တွေကို စီစဉ်ထားတာထပ်ပိုပြီး ထပ်တိုးဆောင်ရွက်တာမျိုးတွေ လုပ်ပေးရတယ်။ ဒီလိုကလေးစာပေပွဲတော် ပြုလုပ်ခြင်းက ကလေးငယ် တွေရဲ့ အရည်အသွေး၊ အရည်အချင်းတွေ တိုးတက်လာစေတယ်။ မိဘတွေအနေနဲ့လည်း ပညာရေး ကဏ္ဍမှာ ပိုမိုပြီး အာရုံစူးစိုက်မှု တိုးလာစေတယ်။ ဒါကြောင့် ကလေးစာပေပွဲတော်ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်အားဖြင့်သော်လည်းကောင်း၊ အနှစ်သာရအားဖြင့်သော်လည်းကောင်း ပြည့်စုံလုံလောက် တယ်လို့ ခံစားမိပါတယ်။ ကျွန်တော်အနေနဲ့လည်း ဒီမြို့ဒီအချိန်ဒီနေရာမှ အခုလို ကလေးစာပေပွဲတော် ကို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပနိုင်ရေးအတွက် ပါဝင်ရသူ တစ်ဦးအနေနဲ့ အမှတ်တရပါပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။

 

2


▲ဒေါ်ခင်မျိုးစု▲
(အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး) 

ဝါးခယ်မမြို့နယ်ရဲ့ ကလေးစာပေပွဲတော်ကို ကျွန်မတို့ကျောင်းမှာ ကျင်းပခွင့်ရတဲ့အတွက် ဝမ်းသာ မိတယ်၊၊ စည်စည်ကားကားနဲ့ ကျင်းပနိုင်အောင် အဘက်ဘက်က ဝိုင်းဝန်းပါဝင်ကြတာကို မြင်ရတော့ ပိုပြီး အားရှိတာပေါ့။ အခုလို ကလေးစာပေပွဲတော် ကျင်းပခြင်းဟာလဲ ကလေးငယ်တွေအတွက် စာပေ ချစ်မြတ်နိုးသော ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်လာစေတယ်။ အသိပညာ၊ စာပေဗဟုသုတတွေကို မျှဝေပေးတဲ့အတွက်လည်း ကျောင်းသားလူငယ်တွေ စာပေကိုပိုပြီးစိတ်ဝင်စားမှု ရှိစေတယ်။ ဖျော်ဖြေ ရေးတွေ၊ ကစားပွဲတွေ ပြုလုပ်ပေးတဲ့အတွက် အချင်းချင်း ရင်းနှီးပျော်ရွှင်စေတယ်။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနဲ့အညီ ပြုမူပြောဆိုနေထိုင်တတ်တဲ့ လူ့စွမ်းအားအရင်းအမြစ်များကို စာပေနဲ့ လေ့ကျင့် ဖော်ဆောင်ပေးနိုင်တဲ့အတွက် အခုလို ကလေးစာပေပွဲတော် ကျင်းပခြင်းက များစွာ အကျိုးရှိပါတယ်။

 

3

 

▲ ဦးအောင်စိုး ▲ 
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ

 

ကျွန်တော်တို့ ဝါးခယ်မမြို့နယ်မှာ ကလေးစာပေပွဲတော် ကျင်းပရတဲ့ အတွက် ကျောင်းသား၊ ကျောင်းသူ တွေအပြင် ကလေးငယ်တွေအတွက်ပါ များစွာ ဗဟုသုတ ရစေပါတယ်။ 


အခုလို ကလေးစာပေပွဲတော် (ဝါးခယ်မ)ပွဲကို ဖြစ်မြောက်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးကြတဲ့ သက်ဆိုင်ရာ အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို ကလေးစာပေပွဲတော် ကျင်းပ ပေးခြင်းအားဖြင့် ကလေးများအတွက် ဗဟုသုတများစွာ ရရှိစေသလို အခါအခွင့်သင် လျင် နောက် နောင်လဲ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရမှာပါ။ ပွဲတော်လာပြီး ပါဝင်ဆင်နွှဲ မယ့် ကလေးငယ်တွေ အနေနဲ့လဲ ပျော်ပျော်ရွှင်ရွှင် ဗဟုသုတမျိုးစုံနဲ့ ပြပွဲ ပြိုင်ပွဲတွေက တစ်ဆင့် ထူးချွန်ထက်မြက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပေါ်ထွက်လာအုံးမယ်လို့လဲ မျှော်လင့်ပါတယ်။

 

4

 

▲မောင်ဝေမင်းဟန်▲
(အ.ထ.က (၁)၊ တက္ကသိုလ်ဝင်တန်းမှ လူရည်ချွန် နှစ်ထပ်ကွမ်း )

ကျွန်တော်တို့မြို့မှာ တစ်ခါမှ မကျင်းပဖူးတဲ့ ကလေးစာပေပွဲတော်ကို သက်ဆိုင်ရာ အကြီးအကဲတွေရဲ့ အစီအစဉ်နဲ့ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်တဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ စာအုပ်စာပေတွေက အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတာကြောင့် ငယ်စဉ်ထဲက စာများများဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ အခုလိုမျိုး မြို့နယ် တစ်ခုလုံးမှာရှိတဲ့ ကျောင်းသားတွေကော ကလေးငယ်တွေကော အားလုံးပါဝင်နိုင်တဲ့ စာပေပွဲတော်တစ်ခုကို ဖျော်ဖြေပွဲတွေ၊ တစ်ဦးချင်းရဲ့ စွမ်းရည်တွေကို ပြသနိုင်တဲ့ ပြိုင်ပွဲတွေ ကျင်းပပေး ခြင်းရဲ့ အကျိုးကျေးဇူးကလည်း ပြောလို့တောင် ကုန်မယ် မထင်ပါဘူး။ အခုလို ပျော်ဖို့ကောင်းတဲ့ အကျိုးကျေးဇူးတွေအများကြီးရှိတဲ့ စာပေပွဲတော်တွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့အနှံ့သာ ကျင်းပနိုင် မယ်ဆိုရင် နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနဲ့ ပြည့်စုံပြီး စာရိတ္တကောင်းမွန်တဲ့လူငယ်တွေ ဖြစ်လာကြမှာ သေချာပါတယ်။


တွေ့ဆုံမေးမြန်း/ဓာတ်ပုံ - အောင်မင်း၊ လွှမ်းသီဟ၊ ချစ်သက်လယ်၊ နန်းထိုက်၊