ဝါဆိုလနှင့် ဝါဆိုသင်္ကန်းအလှူ

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါက ဖြစ်သည်။ ထိုကာလတွင် ရဟန်းတို့အား ဝါဆိုဝါကပ် ပညတ်တော်မမူရသေးခြင်းကြောင့် ရဟန်းတို့သည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးစလုံး ဒေသစာရီခရီးလှည့်လည်ကြသည်။ ထိုအခါ သာသနာတော်တွင် ကြည်ညိုခြင်းမရှိသူတို့က ရဟန်းတို့သည် ဥတု သုံးပါးစလုံး စိမ်းလန်းသောမြက်ပင်၊ သစ်ပင်တို့ကို နင်းချေကုန်လျက်၊ အသက်ဣ​​ေန္ဒြရှိကြသော သေးငယ်သောသတ္တဝါတို့ကို နှိပ်စက်ညှဉ်းပန်း ကုန်လျက် အဘယ်ကြောင့် ခရီးသွားနေကြပါသနည်း။ တိတ္ထိတို့သည် ပင်လျှင် မိုးကာလတွင် ကြောင့်ကြမဲ့စွာ ကိန်းအောင်းကြ၏။ ကျေးငှက် တို့သည်လည်း သစ်ပင်တို့၌ အသိုက်ပြုကာ မိုးကာလပတ်လုံး ကြောင့်ကြမဲ့ နေကြကုန်၏ ဟူ၍ ကဲ့ရဲ့ရှုတ်ချကြခြင်းကြောင့် ဗုဒ ̈မြတ်စွာဘုရားက ရဟန်းတို့အား ဝါဆိုဝါကပ်ခြင်းကို ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။

သို့ဖြင့် ရဟန်းတော်များအားလုံးသည် ဝါတွင်းသုံးလပတ်လုံး ခရီးလှည့်လည်ခြင်းမပြုဘဲ ပရိယတ္တိ၊ ပဋိပတ္တိအလုပ်တို့ကို ကြိုးပမ်း အားထုတ်တော်မူကြသည်။ ဗုဒ္ဓ ဘာသာဝင်လူပုဂ္ဂိုလ်များမှာလည်း ဝါတွင်း ကာလတွင် ဥပုသ်သီတင်းစောင့်ခြင်း၊ တရားတော်များနာယူကြည်ညိုကြ ခြင်း၊ သတိပဋ္ဌာန်တရား အားထုတ်ခြင်း စသည့်ကုသိုလ်အမှုတို့ကို သာမန် အချိန် ကာလများထက်ပို၍ အလေးအနက်ထားကာ ကြိုးပမ်းဆောင်ရွက် လေ့ရှိကြသည်။ ဗုဒ္ဓဘာသာဝင်လူပုဂ္ဂိုလ်တို့ ဝါတွင်းကာလ ဒါန၊ သီလ၊ဘာဝနာ ကုသိုလ်အမှုတို့ပြုကြရာတွင် ဝါဆိုသင်္ကန်းကပ်လှူကြခြင်းမှာ လည်း ထူးခြားသည့် ကာလဒါနကုသိုလ်တစ်ခုပင် ဖြစ်သည်။

ဝါဆိုသင်္ကန်းကပ်လှူခြင်းသည် သရဏဂုံသုံးပါး ဆောက်တည်ခြင်း၊ သီလငါးပါးဆောက်တည်ခြင်း၊ စာရေးတံမဲလှူဒါန်းခြင်း၊ အစိဏ္ဏကံ ဆွမ်းဝတ်မပြတ်လှူဒါန်းခြင်း၊ ရေတွင်းရေကန်များလှူဒါန်းခြင်း၊ အရိပ် အာဝါသလှူဒါန်းခြင်းတို့နည်းတူပင် အပါယ်တံခါးပိတ်စေသည့် ကုသိုလ် အကျိုးကို ရရှိစေနိုင်သည်။ ထို့အပြင် သံဃာတော်တို့အား ဝါဆိုသင်္ကန်း ကပ်လှူခြင်းအားဖြင့် ဘဝသံသရာတွင် ကျင်လည်နေသမျှ ကာလပတ်လုံး (၁)အဝတ်အထည်အတွက် စိုးရိမ်ကြောင့်ကြရမှု ကင်းခြင်း၊ (၂)ရုပ်အဆင်းအင်္ဂါ ရွှေရောင်အဆင်း လှပတင့်တယ်ခြင်း၊ (၃) ခန္ဓာကိုယ်အရောင်အဝါထွန်းလင်းခြင်း၊ (၄)အသားအရေနူးညံ့ ချောမွေ့ ခြင်း၊ (၅) ခန္ဓာကိုယ်တွင် အညစ်အကြေးတို့ ကင်းစင်ခြင်း၊ (၆) အလိုရှိပါက တောင့်တရုံမျှဖြင့် အဝတ်အထည်တို့ရရှိခြင်း၊ (၇) သံသရာ၌ ဘုရားရှင်တို့နှင့် တွေ့ ကြုံဖူးမြော်ခွင့်ရခဲ့သည်ရှိသော် ထိုဘုရားရှင်က (ဧဟိဘိက္ခူ) ခေါ်ရုံမျှဖြင့် ရဟန်းအသွင် အလိုလိုဖြစ်ရခြင်း ဟူသော အကျိုးတရား ခုနစ်ပါးတို့ကိုလည်း ရရှိနိုင်သည်။

ဝါဆိုလသည် ကရကဋ်ရာသီဖြစ်၍ ပြုဗ္ဗာသာဠ်နက္ခတ်စန်းယှဉ်သည်။ ရာသီပန်းမှာ ပုန်းညက်ပန်းဖြစ်သည်။ မိုးလရာသီဖြစ်သည့်အလျောက် အရပ်ကိုးခွင်မှာ မှိုင်းညိုလျက် ဝန်းကျင်တစ်ခွင်မှာ စွတ်စိုကာ စိမ်းလန်း သာယာသောလ၊ မြစ်ချောင်းများတွင်လည်း ရေအလျဉ်တို့ စီးဆင်း ကုန်လျက် ရေကန်၊ ရေအိုင်တို့တွင်လည်း ကြာဖြူ၊ ကြာညိုတို့ ပွင့်ကုန် ကြသောလဖြစ်သည်။ မြေအပြင်သည် မိုးရေတို့နှင့် နူးပြီဖြစ်သောကြောင့် လယ်ယာလုပ်ငန်းခွင်တို့လည်း တစ်ရာသီအတွက် စတင်ကြရပြီဖြစ်သည်။ မိမိတို့၏ ယဉ်ကျေးမှုအစဉ်အလာမပျက် ကောင်းမှုကုသိုလ်အရေးတို့ကို ဆောင်ရွက်ကြရင်း လောကီအကျိုးစီးပွားတို့ကိုပါ အားထုတ်ကြိုးပမ်းနိုင် ကြပါစေကြောင်း။ မြန်မာ့အလင်း