ဝါးအခြေခံစက်မှုလုပ်ငန်းနှင့် ဝါးအချောထည်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

အယ်မိုးအေး(သစ်/သု)

လူတို့၏ လူမှုဘဝအတွက် ဝါးသည်အမျိုးမျိုး အသုံးပြုနိုင်သည့် အရေးပါသော သစ်တော သယံဇာတတစ်မျိုး ဖြစ်သည်။ ဝါးရုံ တစ်ရုံ၏ သက်တမ်းမှာ မြေအောက်ပင်စည်အဖွဲ့အစည်းပေါ်တွင်သာ တည်မီပြီး မြေပေါ်ပင်စည် (ဝါးပင်) ၏ သက်တမ်းမှာ ထွက်ရှိလာသည့် နှစ်အပိုင်းအခြား ပေါ်တွင်မူတည်သည်။ ဝါးရုံတစ်ရုံတွင် သက်တမ်း မတူသည့် ဝါးပင်များ (ဝါးနု၊ တညင်၊ ဝါးရင့်) ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး နှစ်စဉ်ထွက်ရှိသည့် ဝါးနုများ (မျှစ်)သည် လူသားများအတွက် စားနပ်ရိက္ခာကို အထောက်အပံ့ပေးနိုင်ခြင်း၊ တစ်နှစ်သား ဝါးများ(တညင်)မှနှီးဖြာ၍ ဝါးနှီးဖြင့် ရက်လုပ်ရသော လူ့အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်နိုင် ခြင်း၊ ထိုမှသက်တမ်းရင့်လာပြီး သုံးနှစ်နှင့် အထက် သက်တမ်းရှိသည့် ဝါးများ၏ ဖွဲ့စည်းတည်ဆောက် မှုသည် ရူပဂုဏ်သတ္တိ ရင့်သန်လာသဖြင့် အိမ်ရာအဆောက်အအုံများဆောက်လုပ်ရာတွင် အသုံးပြုနိုင်ခြင်းကြောင့် ဝါး၏အသုံးဝင်ပုံကို “မောင်ငယ် ရင်သွေး ဟင်းစားပေး၍၊ အစ်ကိုလတ်ကား နှီးနွှယ်တတ်ကာ၊ အစ်ကိုကြီးက အိမ်ရာပေး၏” ဟူ၍ ဝါး၏အသုံးဝင်ပုံကို ရှေးမြန်မာ့လူကြီးသူမများက တင်စားခဲ့ကြပါသည်။ 

ဝါး၏အသုံးဝင်ပုံမှာ ထိုမျှသာမက ဝါးရုံ၏ ကျစ်လျစ်သိပ်သည်းပြီး ကွန်ရက်သဖွယ် ယှက်နွှယ်နေသည့် မြေအောက်အမြစ်အဖွဲ့အစည်း၏ ဂုဏ်သတ္တိကြောင့် မြေဆီလွှာနှင့် ရေတိုက်စားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဝါးပင်များသည် ကမ္ဘာကြီး ပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို သစ်ပင်များထက် ပိုမိုစုပ်ယူပေးထားနိုင်ခြင်း၊ နှစ်စဉ်ဇီဝဒြပ်ထု ဝါးရွက်ကြွေများသည် အလွယ်တကူဆွေးမြည့်နိုင်ပြီး မြေဆီလွှာအာဟာရကို ဖြည့်တင်းပေးခြင်းစသည့် ဂုဏ်သတ္တိများရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင်လည်း အသုံးဝင်သည်။ 

သစ်အစားထိုးနိုင်သည့် ရွှေစိမ်း

ယခုအခါ ဖွံ့ဖြိုးတိုးတက်လာသည့်နည်းပညာနှင့် ခေတ်မီစက်ကိရိယာများ၏ ပေါင်းစပ်တီထွင်လာမှုနှင့်အတူ တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများဖြစ်သည့် ဝါးပါကေး၊ ဝါးကြမ်းခင်းပြား၊ ဝါးအထပ်သား၊ ဝါးဖျာဘုတ်ပြား၊ Bamboo particle Board၊ Bamboo Lumber များ စသည်တို့ကို ထုတ်လုပ်သုံးစွဲ လာနိုင်ခြင်းကြောင့် သစ်၏နေရာတွင် အစားထိုး အသုံးပြုနိုင်လာသည့် အလားအလာရှိသော ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝသယံဇာတ တစ်မျိုး လည်းဖြစ်လာသဖြင့် ဝါးကို “ရွှေစိမ်း” ဟူ၍ တင်စားခေါ်ဝေါ်လာခဲ့ကြပါသည်။ 

မြန်မာနိုင်ငံ၏ ဝါးသယံဇာတအရင်းအမြစ်များ

ဝါးသယံဇာတပေါက်ရောက်မှုကို လေ့လာကြည့်ပါက ကမ္ဘာပေါ်၌ ဝါးမျိုးစု ၇၅ မျိုးနှင့် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၌ ဝါးမျိုးစု ၂၁ မျိုး နှင့် ဝါးမျိုးစိတ် ၁၀၂ မျိုး ရှိသဖြင့် ကမ္ဘာ့ဝါးမျိုးစိတ် အရေအတွက်၏ ၈ ရာခိုင်နှုန်းခန့်သည် နိုင်ငံအဝန်း ပျံ့နှံ့ပေါက်ရောက်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ ဝါးနှင့်ကြိမ်အဖွဲ့အစည်း (International Bamboo and Rattan Organization-INBAR) ၏ စံသတ်မှတ်ချက်များဖြစ်သည့် ကျယ်ပြန့်စွာပျံ့နှံ့ပေါက်ရောက်မှု၊ မျိုးပွားခြင်းနှင့် စိုက်ပျိုးရန် နည်းလမ်းရှိမှု၊ ဘက်စုံအသုံးချနိုင်မှု၊ ဈေးကွက်ဝင်မှုစသည့် စံသတ်မှတ်ချက်များအရ မြန်မာနိုင်ငံ၏ ဝါးမျိုး ၁၀၂ မျိုးအနက် ဖော်ပြပါဝါးမျိုးစိတ် ၁၈ မျိုးကို စီးပွားရေးအသုံးဝင် ဝါးမျိုးစိတ်များအဖြစ် မှတ်တမ်းတင်ထားသည်ကို လေ့လာတွေ့ရှိရပါသည်- 

မြန်မာနိုင်ငံ၏ သဘာဝတောများရှိ 

ဝါးပေါက်ရောက်သည့် ဧရိယာ သဘာဝတောများတွင် ဝါးပေါက်ရောက်နိုင်သည့် ဧရိယာဧက ၆၉၆၃၄၇၅၀ ခန့်ရှိပြီး (Forest Resources Assessment-FRA 2005)၊ ပဲခူးရိုးမဒေသ၊ ရခိုင်ရိုးမနှင့် တနင်္သာရီဒေသများကို အဓိကစီးပွားဖြစ် ဝါးထုတ်ယူနိုင်သောဒေသများအဖြစ် သစ်တောဦးစီးဌာနကသတ်မှတ်ထားရှိကာ ဧရိယာအားဖြင့် ၄၄၀၇၈၄၈ ဧက ရှိသည့်အတွက် ဝါးထုတ်ယူနိုင်သည့် ဧရိယာမှာ ဝါးပေါက်ရောက်သည့် ဧရိယာစုစုပေါင်း၏ ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ဝါးထုတ်ယူနိုင်သည်ကို တွေ့ရှိရသည်။ 

နိုင်ငံအတွင်း ဒေသသုံး၊ အိမ်တွင်းလက်မှု လုပ်ငန်းသုံးနှင့် စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သော ဝါးကုန်ကြမ်းများကို သဘာဝတောများမှ ထုတ်လုပ်လျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ၁၃ နှစ်တာကာလ အတွင်း တိုင်းဒေသကြီး /ပြည်နယ်များအတွင်း ဘဏ္ဍာနှစ်အလိုက် နှစ်စဉ်ပျမ်းမျှ ဝါးအလုံးရေ ၁၄၇ သန်း ထုတ်လုပ်ရန် လျာထားခဲ့ပြီး နှစ်စဉ်ပျမ်းမျှ ဝါးအလုံးရေ ၁၂၇ သန်း ထုတ်လုပ်နိုင် ခဲ့သည်။
 
ဝါးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဝါးစိုက်ခင်းများ တည်ထောင်ရန်လို

၂၀၂၂ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ United Wood Industries Co., Ltd. စက်ရုံ၌ ကျင်းပသည့် ကြိမ်၊ ဝါးအချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များ၊ ဝါးစိုက်ပျိုးမည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် အသုံးပြုသူများအဖွဲ့များ၊ ဆက်စပ်ဌာနမှပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် ဝါးအခြေခံစက်မှုထုတ်ကုန်များထုတ်လုပ်မည့် စက်ရုံအတွက် လိုအပ်သော ဝါးကုန်ကြမ်းများ စဉ်ဆက် မပြတ်ရရှိရန် စက်ရုံတစ်ရုံအတွက် အနည်းဆုံးဝါး စိုက်ခင်း ဧက ၁၀၀၀ တည်ထောင်နိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးမည့် ဝါးအမျိုးအစားအတွက် လုပ်ငန်းရှင်များဘက်မှ ဝါးစိုက်မည့်အစုအဖွဲ့များသို့ ဝါးမျိုးပင် ထောက်ပံ့ပေးနိုင်ရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်သည်။ 

ထို့ကြောင့် နိုင်ငံ၏ ဝါးအခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အရည်အသွေးမီ ဝါးကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရန် သဘာဝတောများမှ ထုတ်လုပ်ခြင်းအပြင် ဝါးစိုက်ခင်းများ တည်ထောင်ပြီး စနစ်တကျ ထုတ်ယူသုံးစွဲရန် လိုအပ်လျက်ရှိလာခြင်းကြောင့် သစ်တောဦးစီးဌာနအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး / ပြည်နယ်များရှိ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ၌ ပုဂ္ဂလိက ဝါးစိုက်ခင်းများ တည်ထောင်ခြင်းကို ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ခွင့်ပြုပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိက ဝါးစိုက်ခင်း တည်ထောင်ခွင့်အတွက် လုပ်ငန်းစဉ် အဆင့်ဆင့်၊ လုပ်ထုံးလုပ်နည်းများချမှတ်ပြီး စိစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ပြည်နယ်/တိုင်းဒေသကြီး ခုနစ်ခု၌ လုပ်ငန်းရှင် ၁၃၆ ဦးနှင့် ခွင့်ပြုပြီး ၆၀၈၁ ဒသမ ၅ ဧက၊ စိုက်ပျိုးပြီး ၄၁၉၁ ဒသမ ၅ ဧက၊ စိုက်ပျိုးရန်ကျန်ရှိ ဧက ၁၂၄၀ နှင့် စာချုပ်ချုပ်ဆိုပြီး ၃၁၂၈ ဒသမ ၅ ဧကကို ပုဂ္ဂလိကဝါးစိုက်ခင်းများအဖြစ် တည်ထောင်ခွင့်ပြုခဲ့သည်။ 

ဝါးအခြေခံစက်မှုလုပ်ငန်းအတွက် ဝါးမျိုးစိတ်များ ရွေးချယ်စိုက်ပျိုးခြင်း
ဝါးအခြေခံစက်မှုလုပ်ငန်းများအတွက် အသုံးပြုမည့် ဝါးမျိုးစိတ်များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ ဝါးအခြေခံစက်မှုထုတ်ကုန်များဖြစ်သည့် ဝါးပါကေး၊ ဝါးကြမ်းခင်းပြား၊ Bamboo Lumber များထုတ်လုပ်ရာတွင် အသုံးပြုမည့် ဝါးမျိုးသည် ရင်းဖျားအသားညီသည့် ဝါးမျိုးဖြစ်ရန် လိုအပ်သည့်အတွက် ဝါးကြီးမျိုးဖြစ်သည့် ကလွေဝါး၊ ဝါးပိုး၊ ကြလိုဝါး၊ ဝါးနီ၊ ဝါးပိုးမျက်ဆန်ကျယ် စသည့်ဝါးမျိုးများကို စိုက်ပျိုးရန်နှင့် စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး စက်ရုံအတွက် အမှန်တကယ်လိုအပ်မည့် ဝါးမျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ 

မျှစ်အခြေခံထုတ်ကုန်ပစ္စည်းထုတ်လုပ်ရန် ဝါးမျိုးရွေးချယ်စိုက်ပျိုးခြင်း
မျှစ်ထုတ်လုပ်သည့် ဝါးစိုက်ခင်းများ တည်ထောင် မည်ဆိုပါကလည်း ကမ္ဘာ့မျှစ်ဈေးကွက်ဝင် ဝါးမျိုးများဖြစ်သည့် ဝါးနီ၊ ကလွေဝါးစသည့် မြန်မာမူရင်း ဝါးမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ ယခုအခါ ပြည်တွင်းမျှစ်ဈေးကွက်အတွက် ပုဂ္ဂလိက ဝါးစိုက်ခင်းများတွင် ကင်စွန်းဝါး၊ မျှစ်ချိုဝါးမျိုးများကို ထိုင်းနိုင်ငံမှ တင်သွင်းစိုက်ပျိုးလာကြသည်ကို တွေ့ရှိရသည်။

ဝါးပျိုးထောင်စိုက်ပျိုးနည်း

ဝါးစိုက်ခင်းများ တည်ထောင်ရန် ဦးစွာဝါးပျိုးပင် ရှိရန်လိုအပ်ပါသည်။ အပင်အများစုကို စိုက်ခင်း တည်ထောင်လိုပါက မျိုးစေ့ကိုစုဆောင်း၍ ပျိုးပင်များအဖြစ် ပျိုးထောင်ကြရပါသည်။ သို့သော် ဝါးပင်၏ သဘောသဘာဝအရ ဝါးအမျိုးအစားနှင့် ဒေသကိုလိုက်၍ နှစ် ၂၀-၆၀ ခန့်ကြာမှ ဝါးပွင့်/ သီးခြင်း (ဝါးသုဉ်းခြင်း) ဖြစ်ပေါ်လေ့ရှိသဖြင့် နှစ်အပိုင်းအခြားတစ်ခုရောက်မှသာ ဝါးမျိုးစေ့ရရှိ နိုင်သည့်အတွက် အချိန်တိုင်း (သို့မဟုတ်) နှစ်စဉ် ဝါးစေ့ကို စုဆောင်းပြီး ဝါးပျိုးပင်အဖြစ် ပျိုးထောင်ရန် မလွယ်ကူလှပေ။ သို့ဖြစ်၍ ဝါးများကိုမျိုးပွား ရာတွင် ပင်ပိုင်း/ခန္ဓာပိုင်းမျိုးပွားနည်းကို အဓိကအသုံးချ ပျိုးထောင်လေ့ရှိပါသည်။ လက်တွေ့ကျသော ဝါးပျိုးထောင်မှုနည်း (၄) နည်းရှိပါသည်။ 

၎င်းတို့မှာ     (က)    ဝါးဘေးကိုင်းတက် အသုံးပြု မျိုးပွားခြင်းနည်း၊
    (ခ)    ဝါးအဆစ်ဖြတ်ပိုင်းများ အသုံး ချမျိုးပွားနည်း၊ 
    (ဂ)    ပင်ပွားခွဲ၍မျိုးပွားနည်းနှင့် 
    (ဃ)    တစ်နှစ်သား ဝါးအမြစ်ဆုံ ကို အသုံးပြုမျိုးပွားနည်းများ ဖြစ်ပါသည်။

မျိုးပွားနည်း (က၊ ခ၊ ဂ) နည်းတို့ဖြင့် မျိုးပွား ပျိုးထောင်သည့် ဝါးပျိုးပင်ဖြင့် ဝါးစိုက်ခင်းတည် ထောင်မည်ဆိုပါက တည်ထောင်ပြီး ၅-၇ နှစ် အတွင်း စီးပွားဖြစ်ဝါးထုတ်ယူနိုင်မည်။ မျိုးပွားနည်း (ဃ) နည်းဖြင့် ပျိုးထောင်သည့် ဝါးပျိုးပင်ဖြင့် စိုက်ပျိုးပါက ၃-၅ နှစ်အတွင်း စီးပွားဖြစ်ဝါး ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ ဝါးများကို ပင်ပိုင်း မျိုးပွားရာတွင် မျိုးပွားယူချိန်သည် “ငှက်ပျော ကဆုန်၊ ဝါးနယုန်” ဆိုသည့်အတိုင်း မေလနှင့်ဇွန်လ များတွင်  မျိုးပွားပျိုးထောင်ရသည်။ သို့မှသာ ဝါးစိုက်ခင်းတည်ထောင်ရန်အတွက် ရှင်သန်မှု ကောင်းမွန်သည့် ဝါးပျိုးပင်များ ရရှိနိုင်မည် ဖြစ်သည်။ 

စနစ်ကျသောဝါးခုတ်ယူခြင်း

 သဘာဝဝါးတောမှဖြစ်စေ၊ ဝါးစိုက်ခင်းမှဖြစ်စေ ဝါးများထုတ်ယူရာတွင် စနစ်တကျခုတ်ယူသင့်ပါသည်။ စနစ်မကျသော ဝါးခုတ်ယူမှုသည် သဘာဝဝါးတောနှင့် ဝါးစိုက်ခင်းများ၏ရှိသင့်သည့် အရည်အသွေးကို ကျဆင်းစေတတ်သည်။ မြန်မာနိုင်ငံရှိ ဝါးမျိုးအများစုသည် အရုံလိုက်ပေါက်သည့် ဝါးမျိုးများဖြစ်ကြပြီး ဝါးနုနှင့်တညင်ဝါးများသည် ဝါးရုံ၏အပြင်ဘက်အဝန်းတွင် ရှိသဖြင့် ဝါးရုံအတွင်း ပိုင်းရှိ ဝါးရင့်များခုတ်ယူရာတွင် အပြင်ဘက်အဝန်းရှိ ဝါးနုနှင့်တညင်ဝါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရန် ဂရုပြုထုတ်ယူရမည်ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဝါးနု (၁ နှစ်သား ဝါး) ကသာလျှင် မျှစ်ထုတ်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။ ဝါးနုများ ဆုံးရှုံးမှုများလာလေလေ နောင်တွင် မျှစ်ထွက်နှုန်း နည်းလေဖြစ်လာပြီး ဝါးသယံဇာတရှားပါးလာခြင်း၊ အရည်အသွေးမီဝါးများ ထွက်ရှိမှု နည်းလာခြင်း စသည့်ပြဿနာများ ကြုံတွေ့လာနိုင်ပါသည်။ ဝါးသယံဇာတများ ရေရှည်တည်တံ့ပြီး အရည်အသွေးမီဝါးများ စဉ်ဆက်မပြတ် ထုတ်ယူနိုင်ရန် စနစ်ကျသောဝါးခုတ်ယူမှုကို ဆောင်ရွက်သင့်ပါသည်။ ဝါးခုတ်ယူရာတွင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်- 

    -    သုံးနှစ်နှင့်အထက်ကျော်လွန်သော ဝါးများကိုသာ ခုတ်လှဲထုတ်လုပ်ရမည်၊

    -    ဝါးတစ်ရုံတွင် နှစ်နှစ်နှင့်အောက်ဝါးများကို အသုံးပြုမည့် အရေအတွက်အား သတ်မှတ် ပြီး ၃ ပုံ ၁ ပုံကိုသာ ခုတ်ယူသုံးစွဲပြီး၊ ကျန် ၂ ပုံကို နောင်မျိုးဆက်အတွက် မဖြစ်မနေ ထိန်းသိမ်းထားရန်နှင့် ဝါးရင့်အရေအတွက် ၏ ၄ ပုံ ၃ ပုံကို ခုတ်ယူသုံးစွဲပြီး ကျန် ၁ ပုံကို ဝါးရုံသန်စွမ်းမှုအတွက် ချန်လှပ်ထိန်းသိမ်း ထားရမည်၊

    -    ဝါးရုံများအား အရုံလိုက် အပြောင်ခုတ်လှဲခြင်း မပြုရ၊

    -    ဝါးသီးပွင့်ခြင်း(ဝါးသုဉ်းခြင်း) ဖြစ်ပေါ်ခဲ့ပါက ဝါးရုံများကို အပြောင်ခုတ်လှဲပြီး အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်ရန် စီမံရမည်၊

    -    ဝါးခုတ်ယူရာတွင် မျှစ်စို့ထွက်သည့် ဆန့်ကျင်ဘက်အရပ်မှ စတင်ခုတ်ပါ၊

    -    အလွန်ကျပ်ညပ်နေသော ဝါးရုံများကို ပင်ကျပ်နုတ်ပေး၍ ဖယ်ရှားပေးရပါမည်။ ပင်ကျပ် နုတ်ရာတွင် နှစ်ချင်းပေါက်ဝါးများ ကို ချန်လှပ်ထားရန် လိုအပ်ပါသည်။ သို့သော် ပိုးမွှားရောဂါ ကျရောက်နေသော နှစ်ချင်းပေါက်ဝါးပင်များကို ရှင်းလင်း ဖယ်ရှားသင့်သည်။ 

    -    ဝါးရင့်များ ထုတ်ယူသည့်အခါ မြေမျက်နှာပြင်အပေါ် ဝါးတစ်ဆစ်သာချန်၍ ခုတ်ယူရပါမည်၊

    -    မုတ်သုံမိုးကျပြီး ဇွန်၊ ဇူလိုင်လ မျှစ်ထွက် ချိန်နှင့် ဝါးပင်ကြီးထွားရာသီ ဇွန်လမှ အောက်တိုဘာလ ကြားကာလအတွင်း ဝါးခုတ်ယူမှု မပြုသင့်ပေ။

    -    “တန်ဆောင်မုန်းဝါး၊ ပိုးမစား” ဆိုသည့် အတိုင်း ကြီးထွားရာသီကုန်ပြီးနောက် နိုဝင်ဘာလမှစ၍ မေလအထိ ဝါးထုတ်ယူ ပါက ဝါးတွင်းအချိုဓာတ်ကျဆင်းချိန်ဖြစ်၍ အသုံးပြုရာတွင်လည်း တာရှည်ခံနိုင်မည် ဖြစ်သည်။
 
    -    ဝါးတောဧရိယာအတွင်း စားကျက်ချခြင်း အား လုံးဝတားမြစ်ရမည်။ 

ဝါးအချောထည်ထုတ်ကုန်ပစ္စည်း ပိုမိုထုတ်လုပ်ရန်လို

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယဝါး သယံဇာတပေါများသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ဝါးထုတ်ကုန်ပစ္စည်း နိုင်ငံခြားသို့ တင်ပို့မှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၈ နှစ်တာကာလအတွင်း ဝါးထုတ်ကုန်ပစ္စည်း ပြည်ပသို့တင်ပို့ရန် သစ်တောထောက်ခံချက် ခွင့်ပြုပေးခဲ့မှုစာရင်းအရ ဝါးကုန်ကြမ်းဖြစ်သော ဝါးလုံး ၃ ဒသမ ၅ သန်း၊ ဝါးခြမ်း ၆၃ ဒသမ ၂ သန်း နှင့် ဝါးကုန်ချောထည်ပစ္စည်းမျိုးစုံ စုစုပေါင်း ၀ ဒသမ ၉ သန်း တင်ပို့နိုင်သဖြင့် ဝါးကုန်ကြမ်း တင်ပို့မှုသည်များနေပြီး ဝါးအချောထည်ကုန်ပစ္စည်းတင်ပို့ နိုင်မှုသည် ဝါးထုတ်ကုန်ပစ္စည်းအမျိုးမျိုး တင်ပို့မှု စာရင်း စုစုပေါင်း၏ ၁ ဒသမ ၃၄ ရာခိုင်နှုန်းခန့်သာ ရှိပါသည်။ ထို့ကြောင့် ဝါးထုတ်ကုန်ပစ္စည်းများ နိုင်ငံခြားဈေးကွက်သို့ တင်ပို့မှုမြှင့်တင်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဝါးထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုကို ပိုမိုမြှင့်တင်ရန် လိုအပ်လျက်ရှိသည်။ 

ဝါးတစ်ပင်လုံးအလေအလွင့်မရှိအသုံးချခြင်း

ဝါးအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝါးသယံဇာတများကို ထိထိရောက်ရောက် အလေအလွင့်မရှိ အသုံးချလာနိုင်မည်ဖြစ်ပြီး ဝါးတစ်ပင်ရှိ အရင်းပိုင်း၊ အလယ်ပိုင်း၊ အပေါ် ပိုင်းအလိုက် သင့်လျော်သည့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပါက ဝါးတစ်ပင်လုံး အလေအလွင့် မရှိ အသုံးချနိုင်မည်ဖြစ်သည်။ 

ဝါးအောက်ခြေအရင်းပိုင်းရှိ အဆစ်များကို ဝါးပန်းပုများထုတ်လုပ်ခြင်း၊ ဝါးမီးသွေး၊ ဝါးမီးသွေး ထုတ်လုပ်ရာတွင် ဘေးထွက်ရရှိသည့် ဝါးအချဉ်ရည်မှ ဝါးဆပ်ပြာ၊ အပင်ပိုးသတ်ဆေး၊ အလှကုန်နှင့် ကျန်းမာရေးသုံးပစ္စည်း အမျိုးမျိုးထုတ်လုပ်ခြင်း၊ ဝါးအလယ်ပိုင်း အောက်ခြေကို ဝါးအထပ်သား၊ ဝါးကြမ်းခင်း၊ ဝါးပရိဘောဂများ၊ Bamboo Lumber များ ထုတ်လုပ်ခြင်း၊ ဝါးအလယ်ပိုင်း အထက်ကို ဝါးချောင်းထိုး၍ ဆောင်ရွက်ရသော ယင်းလိပ်၊ စားပွဲတင်ဖျာ၊ ထိုင်ခုံနောက်မှီအခင်းပြားများနှင့် နှီးဖြာ၍ ထုတ်လုပ်ရသော တန်ဖိုးမြှင့်ဝါး လက်မှုပစ္စည်း အမျိုးမျိုး ထုတ်လုပ်ခြင်း၊ ဝါးအပေါ်ပိုင်းကို တူ၊ သွားကြားထိုးတံ၊ အသားကင်ဝါးချောင်းများ ထုတ် လုပ်ခြင်း၊ ဝါးအကိုင်းအခက်များကို လယ်ယာသုံး ပစ္စည်း၊ တံမြက်စည်း၊ အပေါ်ရုံအင်္ကျီများထုတ်လုပ်ခြင်း၊ ဝါးအရွက်မှ ဖျော်ရည်၊ တိရစ္ဆာန်အစားအစာ၊ သဘာဝ မြေဩဇာများထုတ်လုပ်ခြင်း၊ ဝါးထုတ်ကုန် ပစ္စည်းများထုတ်လုပ်ရာမှ ထွက်ရှိလာသည့် ဝါးရွေ ပေါ်စများ၊ ဝါးစများ၊ ဝါးလွှစာမှုန်များကို အသုံးပြု၍ လောင်စာတောင့်၊ Bamboo Particle Board များ စသည့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် ဝါးထုတ်ကုန်တစ်ခု တည်းသာ ထုတ်လုပ်သည့် စက်ရုံတစ်ခုမဟုတ်ဘဲ ဖော်ပြပါ ဝါးထုတ်ကုန်အမယ်စုံကို တစ်နေရာတည်းတွင် ပေါင်းစပ်ထုတ်လုပ်နိုင်မည့် အစီအမံများချမှတ် ဆောင်ရွက်နိုင်ခြင်းဖြင့် ဝါးကိုအလေအလွင့်မရှိ အသုံးချနိုင်သကဲ့သို့ ဝါးအခြေခံစက်မှုလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။
  
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ဝါးသယံဇာတအရင်း အမြစ်များနှင့် သဘာဝဝါးတောများ ရေရှည်တည်တံ့ ပြီး စဉ်ဆက်မပြတ် အသုံးချနိုင်ရန်၊ ဝါးကုန်ကြမ်းများကို သဘာဝတောမှအပြင် ဝါးစိုက်ခင်းများမှ ထုတ်ယူနိုင်ရန်အတွက် ဝါးစိုက်ခင်းများ ယခုထက် ပိုမိုတည်ထောင်လာနိုင်ရန်၊  ဝါးအချောထည် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်မှု တိုးတက်လာစေရန်အတွက် သက်ဆိုင်ရာဌာနများမှ နည်းပညာများ ပံ့ပိုးပေးခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင် / ကုမ္ပဏီ များက ရင်းနှီးမြှုပ်နှံခြင်း၊ ဝါးစိုက်တောင်သူအစုအဖွဲ့ များက ဝါးစိုက်ခင်းများတည်ထောင်မှုတွင် ပူးပေါင်း ပါဝင်ခြင်းဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံ၏ ဝါးအခြေခံသည့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။   ။