ဦးပိန်တံတားရှိ တိုင်လုံး ၁၀လုံးကျော် ကြံ့ခိုင်မှုအားနည်းနေ

မန္တလေး ၁၅ ဇန်နဝါရီ

 

မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားဖြစ်သည့် ဦးပိန်တံတားရှိ တိုင်လုံး ၁၀လုံးကျော်မှာ ကြံခိုင်မှုအားနည်းနေပြီး ပြုပြင်ရန်လိုအပ်နေကြောင်း တံတားပြုပြင်ထိန်းသိမ်းရေး အဖွဲ့မှ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောသည်။

 

ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေသော တံတားပေါ်ရှိအခန်း(၅) ခန်းမှာ အခန်းအမှတ် ၁၅၁ ၊ ၁၅၂၊ ၁၅၃၊ ၁၅၄၊ ၁၅၅တို့တွင်ရှိသော တိုင်လုံးများဖြစ်ပြီး ယင်းတို့မှာ သဘာဝဘေးအန္တရာယ်များကြောင့် ကြံ့ခိုင်မှုအားနည်းနေကြောင်း သိရသည်။

 

mdn

 

"ကျန်တဲ့တိုင်တွေကတော့ ကောင်းတယ်။ ပြောခဲ့တဲ့ နေရာတွေမှာရှိတဲ့ တိုင်တွေပဲ နည်းနည်း ကြံ့ခိုင်မှု အားနည်းနေတာ။ ပြုပြင်မယ်ဆိုရင်တော့ကောင်းတာပေါ့။ ခရီးသွားတွေလည်း စိတ်ချလို့ရတယ်။ အခုဟာက အဲ့နေရာမှာ လူများနေရင်ကို ယိုင်နေတာ" ဟု ဦးစိုးဝင်းက ပြောသည်။

 

နှစ် ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားသည် ကာလကြာမြင့်လာသဖြင့် ဆွေးမြည့်ပျက်စီးလာရာ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ငါးကြိမ်ပြုလုပ်ခဲ့သည်။

 

"တိုင်တွေကြံ့ခိုင်မှု အားနည်းနေတာတော့သိတယ်။ ပြင်ဖို့လည်း လုပ်နေတယ်။ ဘယ်တော့ပြင်မယ်ဆိုတာတော့ မသိသေးဘူး" ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးလွင်ကလည်း ပြောသည်။

 

mdn

 

တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်၊ ပုဂံမင်းလက်ထက်က အင်းဝမြို့တော်ဟောင်းမှ ကျွန်းတိုင်များဖြင့် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ တပည့်ဖြစ်သူ မြို့စားရေးဦးပိန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည်အားဖြင့် ၃၉၈၇ ပေရှည်လျားကာ၊ စတင်တည်ဆောက်စဉ်က တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိခဲ့သည်။ သို့သော်လည်း သဘာဝဘေးအန္တရာယ်များကြောင့် ယခုအခါ အခန်းပေါင်း ၄၄၇ ခန်းသာ ရှိတော့သည်။

 

သူရိန်လင်း