ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဝက်များအား ဝက်ဝမ်းကျရောဂါကာကွယ်ဆေးထိုးနှံပေး

နေပြည်တော်   ၂၆       ဇွန်

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ  တစ်ပိုင်တစ်နိုင် မွေးမြူထားသောဝက်များအား ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း ကို ဇွန်လ ၂၅ ရက်နေ့က မိုးစွေကျေးရွာသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

 

 “ ကျေးလက်နေပြည်သူများအနေဖြင့် မွေးမြူရေးအပြင် စိုက်ပျိုးရေးလုပ်ငန်းပါ တွဲဖက် လုပ်ကိုင် လျက်ရှိပြီး ကိုဗစ်(၁၉)ကာလတွင် ဝင်ငွေလျော့ပါးမှုမရှိစေရေးနှင့် မွေးမြူထားသော ဝက်များ အသေအပျောက်ကင်းပြီး အကျိုးအမြတ်ရရှိစေရေးနှင့် ကူးစက်ရောဂါမဖြစ်ပွားအောင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် စီမံချက်ပါ ကျေးရွာများတွင် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကြောင့် ဝက်များတွင် ဝမ်းလျောရောဂါ၊ အခြားကူးစက်ရောဂါများနှင့် ဝက်သေဆုံးမှုကို ကာကွယ်ပေးမည် ဖြစ်ကြောင်း ဥတ္တရခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

 

ဥတ္တရသီရိမြို့နယ်အနေဖြင့် ဝက်ဝမ်းကျရောဂါကာကွယ်ဆေးကို ဇွန်လ ၂၄ ရက်နေ့မှ စတင်၍ မိုးစွေကျေးရွာအပါအဝင် ဇလောင်းကျေးရွာနှင့်ငန်းစပ်ကျေးရွာများမှ ဝက်ကောင်ရေ စုစုပေါင်း (၃၀ဝ)ကျော်ကို ထိုးနှံပေးခြင်းအပြင် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ဝက်ခြံများတွင် ပိုးသတ်ဆေးများ ဖျန်းပေးခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဥတ္တရခရိုင်ပြန်/ဆက်