ဥရောပတိုက်တစ်ဝန်းရှိ လူဦးရေ၏ထက်ဝက်ကျော် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရဖွယ်ရှိ

ဂျီနီဗာ ဇန်နဝါရီ ၁၃

 

လာမည့်သီတင်းခြောက်ပတ်မှ ရှစ်ပတ်တာကာလအတွင်း ဥရောပတိုက်တစ်ဝန်းရှိ လူဦးရေ၏ထက်ဝက်ကျော်သည် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

အဆိုပါ ကူးစက်မြန်အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်သည် အနောက်ဥရောပတွင် ကူးစက်မှုအများအပြား ဖြစ်ပွားလျက် ရှိသော ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဘော်လ်ကန်ဒေသသို့လည်း ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်ကလူက ဇန်နဝါရီ  ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ကူးစက်ခံရသူများအား အလွန်အမင်းဖျားနာခြင်းမှ အကာ အကွယ် ပေးနိုင်မည်ဖြစ်ကြောင်းနှင့် သေဆုံးမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်ကလုဂျ်က ပြောကြားသည်။

 

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်ကလူက ဥရောပနိုင်ငံအများအပြားအား တောင်းဆိုထားကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်