ဥရောပတစ်ခွင်လုံး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာ

ပါရီ  ၁၆   ဧပြီ

ဥရောတစ်ခွင်လုံးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သန်းကျော် ရှိလာပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း၏ ထက်ဝက်ကျော်ရှိသည်။

လောလောဆယ် ဥရောပတစ်ခွင်လုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ စုစုပေါင်း ၁၀၁၀၈၅၈ ဦးရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၈၅၂၇၁ ဦးရှိလာခဲ့သည်။ ထို့အတူ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၂၀၀၀၅၇၆ ခန့်ရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၁၂၆၈၇၁ ဦး ရှိလာခဲ့သည်။ ယခုအခါ ဥရောပတိုက်သည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ အဆိုးရွားဆုံး ထိခိုက်သွားသည့် တိုက်တစ်တိုက်ဖြစ် လာခဲ့သည်။

ဥရောပတိုက်ရှိ ကိုဗစ်-၁၉ ရောဂါ အဆိုးရွားဆုံးထိခိုက်သွားသည့်နိုင်ငံများမှာ အီတလီ၊ စပိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ဖြစ်သည်။ လောလော ဆယ် စပိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၂၅၄၁ ဦးရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၁၈၀၅၆ ဦး ရှိလာခဲ့သည်။ ထို့အတူ အီတလီနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁၆၂၄၈၈ ဦးနှင့် သေဆုံးသူ ၂၁၀၆၇ ဦး၊ ပြင်သစ် နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁၄၃၃၀၃ ဦးနှင့် သေဆုံးသူ ၁၅၇၂၉ ဦးနှင့် ဂျာမနီနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁၂၇၅၈၄ ဦးနှင့် သေဆုံးသူ ၃၂၅၄ ဦး စသည်ဖြင့် အသီးသီးရှိကြကြောင်း သိရသည်။

ထို့အတူ ဗြိတိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၃၈၇၃ ဦးနှင့် သေဆုံးသူ ၁၂၁၀၇ ဦးရှိပြီး လောလောဆယ် ဥရောပတိုက်တွင် နေ့စဉ်ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း အများဆုံးဖြစ်လာခဲ့သည်။ သို့သော် နိုင်ငံအများအပြားတွင် ရောဂါပြင်းထန်သောလူနာများ သို့မဟုတ် ဆေးရုံတက်ရန်လိုအပ်သော လူနာများသာ စမ်းသပ်စစ်ဆေးလျက် ရှိသည့်အတွက် ရောဂါကူးစက်ခံရသူဦးရေသည် နောက်ထပ်တိုးလာဖွယ်ရှိကြောင်း သိရသည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ