ဥရောပသမဂ္ဂ (အီးယူ)မှ မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားများအတွက် ယူရို ၅ သန်း ပံ့ပိုးပေးသွားမည်

ရန်ကုန်  ၁၀   ဧပြီ 

ဥရောပသမဂ္ဂ (အီးယူ) သည်  ကိုဗစ်-၁၉ ရောဂါ ၏ ရိုက်ခတ်မှုဒဏ်ကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြရသည့် မြန်မာနိုင်ငံမှ   အထည်ချုပ်လုပ်သားများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ရန် မြန်ကူ (Myan Ku) အမည်ရှိ အရေးပေါ်ငွေသား ရန်ပုံငွေမှ ယူရို ၅ သန်း (မြန်မာကျပ်ငွေ ၈ ဘီလီယံ ဝန်းကျင်) ကို ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ဥရောပသမဂ္ဂ (အီးယူ)၏  ထုတ်ပြန်ကြေညာချက်အရ သိရသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းသည် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိခဲ့ပြီး မတ်လနှောင်းပိုင်းတွင်  စက်ရုံပေါင်း (၄၀) ကျော်မှ လုပ်သားပေါင်း (၂၅,ဝ၀ဝ) ကျော်တို့သည် အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း ခန့်မှန်းခြေ အမျိုးသမီးလုပ်သားပေါင်း (၇) သိန်းဖြင့် လည်ပတ်လုပ်ကိုင်နေသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် လုပ်သားပေါင်း (၃) သိန်းခွဲသည် လက်ရှိတွင် လစာမဲ့ဆိုင်းငံ့ခံရခြင်း သို့မဟုတ် အလုပ်အကိုင်များကို ရပ်စဲခံရခြင်း စသည့် ထိခိုက်နစ်နာမှုများကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း ဥရောပသမဂ္ဂ (အီးယူ) ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

“မြန်မာနိုင်ငံတစ်ဝှမ်းမှာ အထည်ချုပ်စက်ရုံပေါင်း (၆၀ဝ) နီးပါး ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက စက်ရုံပိတ်မှုတွေနဲ့  များစွာသောလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်မှုတွေကို အများအပြား တွေ့နေရပါတယ်။ ဒီလိုအခြေအနေမျိုးကို ဧပြီလမှာပါ ဆက်မြင်ရနိုင်တယ်လို့ ကျွန်မတို့ ယူဆရပါတယ်။ အခုလို အခက်အခဲ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ အချိန်မှာ မြန်ကူ (Myan Ku) အရေးပေါ် ငွေသား ရန်ပုံငွေက ထိခိုက်နစ်နာခဲ့ရတဲ့ အလုပ်လက်မဲ့ ထောင်၊သောင်းပေါင်းများစွာသော လုပ်သားတွေနဲ့ သူတို့မိသားစုတွေကို အဓိက ပံ့ပိုးကယ်တင်ပေးနိုင်မယ့် အထောက်အပံ့ကောင်း နည်းလမ်းတစ်ခု ဖြစ်လာပါတယ် ” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

မြန်ကူ (Myan Ku) ရန်ပုံငွေမှ ငွေသားအကူအညီများကို နိုင်ငံသားပိုင်၊ အကျိုးတူပိုင် (သို့မဟုတ်) နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ရင်း အလုပ်လက်မဲ့ကြုံခဲ့ရသည့် လုပ်သားများထံ တိုက်ရိုက်လွှဲပြောင်း ထောက်ပံ့ ပေးသွား မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)၏  ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ငွေသားအထောက်အပံ့ကို (၁) လက်ရှိအခြေအနေကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် (သို့မဟုတ်) ၎င်းတို့ နေထိုင်ရာနေရာများမှ နှင်ထုတ်ခံခဲ့ရသည့် လုပ်သားများ၊ (၂) လုပ်ငန်းရှင်နှင့် လုပ်သားများအကြား ချုပ်ဆိုထားသည့် စာချုပ်များ တရားမဝင် ရပ်စဲရုပ်သိမ်းခံရခြင်းအပြင် အကျိုးအကြောင်း ဆီလျော်မှုမရှိသည့် ညွှန်ကြားချက်များကို ကြုံတွေ့ခံစားခဲ့ရသည့် လုပ်သားများနှင့် (၃) လုပ်သားများကို ဆက်လက်လုပ်ကိုင်ခွင့်ပေးရန်နှင့် အနည်းဆုံး သင့်တော်သည့် အထောက်အပံ့များကိုလည်း ၎င်းတို့အတွက် ပံ့ပိုးပေးရန် သဘောတူညီထားသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) များမှ လုပ်သားများစသည်တို့ထံ ဝေ့မန်းနီး (Wave Money) ဝန်ဆောင်မှုမှတဆင့် လွှဲပြောင်းပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပံ့ပိုးကူညီမှု ရရှိမည့်သူများကို အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် တိုင်ပင်ဆွေးနွေးမှုများမှတဆင့်  စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီး H.E မစ္စတာ Kristian Schmidt က “ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရဲ့ ၇၀ ရာခိုင်နှုန်းက ဥရောပဒေသကို တင်ပို့နေတဲ့အပြင် နိုင်ငံတဝန်းက အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၄ သိန်းခွဲကို ဖန်တီးပေးနေတာပါ။ ဒါဟာ ဥရောပသမဂ္ဂနိုင်ငံတွေဆီ ချုပ်လုပ်တင်ပို့နေတဲ့ ပို့ကုန်အထည်တွေက တကယ့်ကို နက်ရှိုင်းကျယ်ပြန့်တဲ့ အောင်မြင်မှုရဲ့ ပြယုဂ်တစ်ခုပါပဲ။ ဥရောပဈေးကွက်ကို ၂၀၁၁ ခုနှစ်မှာ ပြန်ဖွင့်ပေးခဲ့တဲ့အတွက် အထည်ချုပ်လုပ်ငန်းက မြန်မာနိုင်ငံတစ်ဝန်း သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်လာအောင်လည်း တဖက်တလမ်းက ကူညီခဲ့သလို အလုပ်သမားဆိုင်ရာ အခွင့်အရေးတွေ ကျယ်ပြန့်လာအောင်၊ သဘာဝပတ်ဝန်းကျင်နဲ့အညီ စံချိန်စံညွှန်းတွေကို ပိုမိုမြှင့်တင်နိုင်အောင်၊ ဒါ့အပြင် မြန်မာနိုင်ငံတွင်း အခြေခံအုတ်မြစ်ခိုင်မာတဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဝန်းကျင်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်တာ စတဲ့အခန်းကဏ္ဍတွေမှာ သိသာထင်ရှားတဲ့ တွန်းအားတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်” ဟု ပြောသည်။

 

‌ေ

 

ကိုဗစ်-၁၉ အခက်အခဲသည် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်သွားစေခြင်း၊ ကမ္ဘာ တဝန်း တင်ပို့မှုများကို ဆိုင်းငံ့လိုက်ရ ခြင်းနှင့် အထည်ချုပ်လုပ်ငန်းခွင်အတွင်း ရောဂါကူး စက်နိုင်သည့် အန္တရာယ်စသည့် အခြေအနေများဖြင့် ကမ္ဘာ့တဝန်းရှိ အထည်ချုပ်လုပ်ငန်းလည်ပတ်မှုကို အတားအစီးအနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“နိုင်ငံတော်အကြီးအကဲတွေကလည်း ဒီအခြေအနေကို ကာကွယ်၊ ဟန့်တားနိုင် မယ့် လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ လမ်းညွှန်ချက်တွေ၊ လုပ်ဆောင်ချက် တွေကို  ပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိတဲ့အပြင် ပြည်သူတွေကလည်း ဒီလိုပံ့ပိုးမှု အပေါ် တုံ့ပြန် ပါဝင်လာတာတွေလည်း ရှိပါတယ်။ ဒီလို ကာကွယ်တားဆီးနိုင်မယ့် လုပ်ငန်းစဉ်တွေကို ပြည်တွင်းမှာလည်း ကျင့်သုံး နေတဲ့အပြင် နိုင်ငံတကာ အသိုင်း အဝိုင်းက ကူညီပံ့ပိုးမှု တွေနဲ့ အတူ မြန်မာနိုင်ငံဟာ ဒီကူးစက်ကပ်ရောဂါနဲ့ သူ့ရဲ့ နောက် ဆက် တွဲ အကျိုး ဆက် တွေကို အောင်အောင် မြင်မြင် ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က မှတ်ချက်ပြု ပြောကြားသည်။  

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-နေလင်း)