ဥရောပနိုင်ငံများ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကာကွယ်ရေး တိုးမြှင့်ဆောင်ရွက်

ဘာလင် ဒီဇင်ဘာ ၂၃

 

ကမ္ဘာတစ်ဝန်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ များပြားလာသဖြင့် ဥရောပဒေသရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များ အရှိန်မြှင့် ဆောင်ရွက်လာကြောင်း သိရသည်။

 

ဂျာမနီနိုင်ငံအတွင်း ကျင်းပမည့် ဘောလုံးပွဲအပါအဝင် ပရိသတ်အများအပြား တက်ရောက်ရန်ရှိသည့် အခမ်းအနားများအား ပရိသတ်မပါဝင်ဘဲ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် နေအိမ်ပြင်ပ၌ လူစုဝေးမှုကို ဆယ်ဦးအထိသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို လျစ်လျူမရှုဘဲ အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်အိုလတ်စ်စကိုက ယမန်နေ့တွင် ပြောကြားသည်။

 

လက်ရှိအချိန်၌ ဂျာမနီနိုင်ငံတွင် အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။ ပြင်သစ်နိုင်ငံ၌လည်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ခုနစ်သောင်းကျော်ရှိပြီး ပါရီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ သုံးဦးလျှင် တစ်ဦးမှာ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ဖြစ်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များ၌ ဝင်ရောက်စားသောက်သူများနှင့် ခရီးဝေးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း ဆေးလက်မှတ်ပြသရမည့် စည်းမျဉ်းကို ကျင့်သုံးနိုင်ရန် ပြင်သစ်အစိုးရက ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသသူ ၁၆၀၀၀ ခန့်ရှိသည့်အနက် ၃၀၀၀ ခန့်မှာ အထူးကြပ်မတ်ကုသဆောင်များ၌ ကုသမှုခံယူနေရကြောင်း သိရသည်။ မိမိတို့နိုင်ငံများသို့ ဝင်ရောက်လာသော ခရီးသည်များသည် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ဆေးလက်မှတ်အား ပြသရန်လိုအပ်သည်ဟု အီတလီနှင့် ဂရိနိုင်ငံများက ပြောကြားသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအများအပြား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမှ ကာကွယ်ရန်အတွက် နှစ်သစ်ကူးပွဲတော်များကို ဖျက်သိမ်းလျက် ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ