ဥပဒေမပြဋ္ဌာန်းခင်ကတည်းက တည်ဆောက်ထားသည့် ပုဂံဒေသက ဟိုတယ်များနစ်နာမှုမရှိစေရေး ဆောင်ရွက်မည်

မန္တလေး  ၁၀  သြဂုတ် 

 

ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားသည့် ပုဂံရှေဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဥပဒေများ မထုတ်ပြန်ခင်ကတည်းက တည်ဆောက်ထားသည့် ဟိုတယ်များနှင့်ပတ်သက်ပြီး လုပ်ငနး်များ နစ်နာမှုမရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်မှပြောသည်။

 

ပုဂံဒေသတွင် စီးပွားရေးအကျိုးသက်ရောက်မှုရှိစေရေး ၊ ရှေးဟောင်းအမွေအနှစ်ဒေသထိ ခိုက်မှု မရှိစေရေး ၊ ဟိုတယ်လုပ်ငန်းများ နစ်နာမှုမရှိစေရေး အစည်းအဝေးကို ယခုလ ၆ ရက်က အစည်း အဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။‘ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်တင်သွင်းပြီးပြီဆိုတော့ ကိုက်ညီအောင်ဆောင်ရွက်ရတယ်။ အရင် တုန်းက စည်းမျဉ်းစည်းကမ်းနဲ့မကိုက်ညီတဲ့ ဟိုတယ်တွေရှိခဲ့တယ်။ဒါတွေကို ဘယ်လိုပြင်ဆင်မလဲ ဆိုတော့ တိုင်းရင်းသားလုပ်ငန်းရှင်တွေလည်း မထိခိုက်အောင် ၊ စည်းမျဉ်းစည်းကမ်းနဲ့ ကမ္ဘာ့ အမွေ အနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ မူဘောင်တွေနဲ့ ကိုက်ညီအောင် win win theory နဲ့ ဆောင်ရွက်သွားမယ်’ဟု ရှေးဟောင်သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြား ရေးမှူး ဦးအောင်အောင်ကျော်မှပြောသည်။

 

ပုဂံဒေသတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဥပဒေများ မထုတ်ပြန်ခင်ကတည်း က တည်ဆောက်ခဲ့သည့်ဟိုတယ် ၁၅ လုံးခန့်ရှိပြီး သရပါဟိုတယ် ၊ ဆာကူရာဟိုတယ် ၊ နန်းမြင့် ဟိုတယ်တို့လည်းပါဝင်ကြောင်းသိရသည်။‘မြို့ပြဧရိယာထဲမှာမပါဘူး။ ရှေးဟောင်ဧရိယာထဲမှာဆိုရင် အဲဒီအဆောက်အအုံက ဆောက်လို့မရဘူး။ ဒါကိုဖယ်ထုတ်လို့လည်းမရဘူး။ အဲဒီတော့တိုင်းရင်းသာလုပ်ငန်းရှင်တွေလည်း မနစ်နာရအောင် အကောင်းဆုံးနည်းလည်းနဲ့ဆောင်ရွက်သွားမှာပါ’ဟု ဦးအောင်အောင်ကျော်က ဆိုသည်။

 

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မထိခိုက်စေရန် ၊ ဟိုတယ်လုပ်ငန်းများ နစ်နာမှုမရှိစေရန် အတွက် နိုင်ငံတကာကအသိအမှတ်ပြုပြီး ၊ ယူနက်စကိုကလက်ခံသည့်အဖွဲ့ကို ခေါ်ယူကာ Heritage Impact Assessment (HIA) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။HIA ဆိုသည်မှာ ယဉ်ကျေးမှုဒေသတွင် ဖွံံ့ဖြိုးရေးလုပ်ငန်းများကြောင့် အမွေအနှစ်များအပေါ် ထိခိုက်မှုရှိမရှိစစ်ဆေးဆောင်ရွက်ခြင်းဖြစ်သည်။

 

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေးအတွက် UNESCO ကို Nomination Dossier တင်ပြထားပြီးဖြစ်သည်။ ယူနက်စကို၏ မူဘောင်အရ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း အချို့ ကိစ္စများသည် ကန့်သတ်မှုရှိသော်လည်း အဘက်ဘက်မှအဆင်ပြေနိုင်မည့် အစီအမံများ စီစဉ်ထား ကြောင်းသိရသည်။

 

အိမို့မို့ခိုင်