ဥဇဘက်ကစ္စတန်ကို အနိုင်ရသည့် မြန်မာအသင်း အာရှခြေစစ်ပွဲအောင်ရန် အခွင့်အရေးများလာ

ရန်ကုန် ၂၆ ဧပြီ

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲဒုတိယအဆင့် အုပ်စု (က) ပထမနေ့ကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပရာ မြန်မာနှင့် ဩစတြေးလျအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရန် အဓိကပြိုင်ဘက်ဖြစ်လာနိုင်သည့် ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ရခဲ့သောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးများသွားခဲ့ပြီဖြစ်သည်။ အုပ်စုတစ်ခုလျှင် ထိပ်ဆုံး နှစ်သင်းစီ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သောကြောင့် မြန်မာအသင်း အနေဖြင့်  အခွင့်အရေးများသွားခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် စန်းသော်သော်၊ နွယ်နီဝင်း၊ လင်းမြင့်မိုရ်၊ ပုံ့ပုံ့ပြည့်မောင် စသည့် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ခြေစစ်ပွဲအောင်မြင်ရန် ယခုပွဲမှာ အရေးပါနေသောကြောင့် မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်မြင့်ကစားသလို ကစားပုံမှာလည်း ကောင်းမွန်ခဲ့သောကြောင့် ဖိအားပေးနိုင်ခဲ့သည်။ မြန်မာအသင်းသည် အသင်းလိုက်တိုက်စစ်တွဲလုံးများဖြင့် အဓိကထိုးဖောက်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။

 

ဥဇဘက်ကစ္စတန်အသင်းမှာလည်း မြန်မာအသင်းဘက်သို့ ဖိအားပေးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း နောက်တန်း အမှားအယွင်းမရှိ ဖျက်ထုတ်နိုင်ခဲ့သည်။ ၄၁ မိနစ်တွင် မြန်မာအသင်း ဂိုးစတင်ရရှိပြီး တိုက်စစ်မှူး စန်းသော်သော်က ပြစ်ဒဏ်ဘောကို ခေါင်းတိုက်သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး မိနစ် ၆၀ နောက်ပိုင်းတွင် ဥဇဘက်ကစ္စတန်အသင်းက ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။  နှစ်သင်းစလုံး ဂိုးရနိုင်သည့် အခွင့်အရေးများရသော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ပထမပိုင်းရလဒ် အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

 

 ဥဇဘက်ကစ္စတန်အသင်းခေါင်းဆောင် လာယာလိုနှင့် မြန်မာအသင်းတိုက်စစ်မှူး မြတ်နိုးခင်တို့ အပိုင်အခွင့်အရေးများ ရသော်လည်း အသုံးချနိုင်ခဲ့ခြင်းမရှိပေ။ ပထမပွဲတွင် ဩစတြေးလျအသင်းက နီပေါအသင်းကို ၁၁ ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အာရှထိပ်သီး ဩစတြေးလျအသင်းသည် နီပေါအသင်းကို ခြေအသာဖြင့်ကစားကာ ဂိုးတစ်ဒါဇင်နီးပါးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

 

ဩစတြေးလျအသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး မေရီဖောင်လာက ငါးဂိုး၊ ဟိုလီရို့စ်က နှစ်ဂိုး၊ ရာဆာမီ၊ ဘာဘီရီ၊ လိုဝီနှင့် အီဗန်စ်တို့က တစ်ဂိုးစီသွင်းယူကာ နီပေါအသင်းအတွက် တစ်လုံးတည်း သောချေပဂိုးကို မန်ဂျာလီက သွင်းယူခဲ့သည်။

 

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - ဖိုးသော်ဇင်

mdn