Uganda International 2020 ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ သက်ထားသူဇာ ဆီမီးဖိုင်နယ်တက်ရောက်

၂၂ ဖေဖော်ဝါရီ

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Uganda International 2020 ပြိုင်ပွဲကို ယနေ့ညနေပိုင်းက ယူဂန္ဓာနိုင်ငံ၌ ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံဖြစ်သူ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

 

သက်ထားသူဇာသည် ဖေဖော်ဝါရီ ၂၁ ရက်က ပထမအဆင့်နှင့် ဒုတိယအဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် ကွာတားဖိုင်နယ်ပွဲ ထပ်မံကစားရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမအဆင့်တွင် မော်လ်ဒိုက်ကစားသမား နာဘာဟာနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ သက်ထားသူဇာသည် ယင်းပွဲတွင် လက်ရည်အသာဖြင့် ကစားခဲ့ပြီး ၂၁-၁၅ မှတ်၊ ၂၁-၉ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယအဆင့်တွင်မူ အီရန်ကစားသမား ဆိုရာယာနှင့် တွေ့ဆုံခဲ့ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ သက်ထားသူဇာသည် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ၂၁-၁၉ မှတ်၊ ၂၃-၂၁ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ကွာတားဖိုင်နယ်တွင် ဆလိုဗက်ကီးယားကစားသမား မာတီနာနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် အရေးနိမ့်ခဲ့သော်လည်း နောက်နှစ်ပွဲတွင် ပြန်လည်အနိုင်ရခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် မောရစ်သျှကစားသမား ကိတ်ဖိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၃ ရက် ဆက်လက်ကျင်းပမည်ဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်က ရရှိထားသည့် ချန်ပီယံဆုကို ပြန်လည်ကာကွယ်ရခြင်းဖြစ်သည်။

 

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်