တူရကီနိုင်ငံမှ ခရီးသွားဧည့်သည် ၂၀ဦးပါဝင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိ

ရန်ကုန် ၂၈ ဖေဖော်ဝါရီ

 

ယခုနှစ် ခရီးသွားရာသီတွင် တူရကီနိုင်ငံ MAPPA TUR & Group ကုမ္ပဏီ၏ ပထမဆုံးအကြိမ်အဖြစ် တူရကီခရီးသွား ၂၀ ဦးပါဝင်သည့် အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီက ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ အလည်အပတ်လေ့လာရေးခရီး ရောက်ရှိ လာသည်။

 

 

''တူရကီနိုင်ငံက မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် အရေအတွက် အတော်နည်းပါတယ်၊ ဒီလိုအချိန်မှာ တူရကီနိုင်ငံက အုပ်စုလိုက် အခုလို လာရောက်လည်ပတ်တယ်ဆိုတာ ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်ပါတယ်၊ အခုခရီးစဉ်ကနေ မြန်မာနိုင်ငံက ပျော်ရွှင်စရာကောင်းတဲ့၊ လေ့လာလည်ပတ်စရာကောင်းတဲ့ နေရာဒေသအဖြစ် သက်သေပြနိုင်မယ်ဆိုရင် တူရကီခရီးသွား ဧည့်သည်တွေ မြန်မာနိုင်ငံကို ပိုပြီးဝင်ရောက်လာမှာဖြစ်ပါတယ်''ဟု ယခုခရီးစဉ်ကို တာဝန်ယူ စီစဉ်သည့် Diethelm Travel မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖြိုးဝေရာဇာက ပြောကြားသည်။

 

အဆိုပါအဖွဲ့၏ ၉ ရက်ကြာ ခရီးစဉ်အတွင်း ရန်ကုန်မြို့၏ အထင်ကရနေရာများဖြစ်သည့် ခြောက်ထပ်ကြီးဘုရား၊ ပန်းဆိုးတန်းဆိပ်ကမ်းနှင့် ကမ်းနားလမ်းတစ်လျှောက်၊ ဗိုလ်တထောင်ဘုရား၊ ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ၊ တရုတ်တန်း၊ India Quarter၊ ဆူးလေဘုရား၊ ရွှေတိဂုံစေတီနှင့် ကန်တော်ကြီးတို့သို့ သွားရောက် လေ့လာလည်ပတ်ကြမည်ဖြစ်သည်။

 

ထို့နောက် ပုဂံမြို့ရှိ သမိုင်းဝင်စေတီပုထိုးများ၊ လက်မှုအနုပညာ ယွန်းထည်လုပ်ငန်းများကို လေ့လာကြည့်ရှု ကြမည်ဖြစ်သည်။ ထိုမှတစ်ဆင့် စလေ၊ ဟဲဟိုး၊ ညောင်ရွှေမြို့ရှိ အင်းလေးကန်၊ ဖောင်တော်ဦး ဘုရားတို့သို့  သွားရောက်ကြမည်ဖြစ်သည်။ ဆက်လက်၍ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရား၊ ရွှေနန်းတော်ကျောင်း၊ မန္တလေးတောင်စသည့် ထင်ရှားကျော်ကြားသည့် နေရာများ၊ အမရပူရ၊ ဦးပိန်တံတား၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ အင်းဝနှင့် စစ်ကိုင်းမြို့များရှိ အထင်ကရနေရာများကို လေ့လာ လည်ပတ်ကြမည်ဖြစ်သည်။

 

 

ယခုခရီးစဉ်တွင် ပါဝင်သူ တူရကီဧည့်သည် Mrs. Mayda Tunaက'' ဒီခရီးစဉ်က မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နေရာဒေသ တော်တော်များများက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကလည်း မြန်မာနိုင်ငံကို တစ်ခေါက်ရောက်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ အင်းလေးဒေသကတော့ ကျွန်မအတွက် ဆွဲဆောင်မှုရှိတဲ့နေရာ၊ အကြိုက်ဆုံးနေရာ တစ်ခုလည်း ဖြစ်ပါတယ်'' ဟု ဆိုသည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀ဝ ကျော်ခန့် ရောက်ဖူးနေသူ Mr. Kenan Jay TAMER က ၎င်း၏ ခရီးစဉ်များအတွင်း ယခု မြန်မာနိုင်ငံခရီးစဉ်သည် ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် စိတ်လှုပ်ရှားကြောင်း၊ မြန်မာနိုင်ငံရှိ  ပုဂံမြို့ကို စိတ်ဝင်စားသည့် အတွက်  ယခုလို လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

တာရာ၊ ဓာတ်ပုံ- လှမိုး